Saturday, June 21, 2008

လူတိုင်းကို ခင်ပါ၏....... မူပိုင်းကိုတော့ မကြင်နိုင်ပါ ....

ပြီးခဲ့သည့် မေလကုန်ရက်ပိုင်း၊ စင်္ကာပူ၌ ကျင်းပသည့် အာရှလံခြုံရေး အစည်းအဝေးတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က မြန်မာ့ရေပိုင်နက်အနီး၌ ကယ်ဆယ်ရေးပစ္စည်းများနှင့် အတူရောက်ရှိနေသော အမေရိကန် စစ်သင်္ဘောလေးစင်းအား ၀င်ရောက်ဆိုက်ကပ်ခွင့် မပေးခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မြန်မာအစိုးရပေါ် ပြင်းပြင်းထန် ဝေဖန် အပြစ်တင်ခဲ့သည်။

၎င်းက အမေရိကန် စစ်တပ်သည် ၂၀၀၄ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ ဆူနာမီငလျင်ဒဏ်ခံရစဉ်က ၀င်ရောက်ကူညီမှု ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် လုံးဝကွာခြားကြောင်း ကိုးကားပြောကြားသွားသည်။ သို့ရာတွင် အမေရိကန်စစ်တပ်က အင်ဒိုနီးရှားတွင် နှစ်ရှည်လများ ကျောက်ချ၍ ကူညီဆောင်မ မည့်ပုံ ပေါ်လာသဖြင့် ကူညီမှုအတွက် ကျေးဇူးတင်ပါကြောင်း၊ အမေရိကန်စစ်သင်္ဘောများ မည်သည့်နေ့ နောက်ဆုံးထားပြီး ပြန်လည် ထွက်ခွာပေးပါဟု ပြောယူရသည်အထိ နောက်ဆက်တွဲ ပြဿနာများ ရှိခဲ့သည်ကိုမူ ထည့်မပြောသွားချေ။

မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီင်္း ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို အစဉ်တစိုက် ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဖက် မပျက်ပေါင်းဖက်ဆံရေးကို ရှေးရှု့သည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူများကို စောင့်ထိန်းသည်။ ယခု မေလအတွင်းမှာပင် မြန်မာပြည်သူတို့ တစ်ခဲနက်ထောက်ခံအတည်ပြုလိုက်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထိုအခြေခံမူများကို ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထိုအခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟု အတိအလင်း ဖော်ပြထားသည်။ အမေရိကန်စစ်သင်္ဘောလေးစင်းသည် ကယ်ဆယ်ရေးကူညီဆောင်ရွက်မည် ဆိုသော်လည်း အရပ်သားများ မဟုတ်ပေ။ နိုင်ငံခြား တပ်ဖွဲ့သာလျှင်ဖြစ်သည်။

ထို့ကြောင့် ရေကြောင်းလမ်းမှ ပေးပို့ကူညီလိုသည့် ပစ္စည်းများအတွက် အရပ်ဘက်သင်္ဘောဖြင့်သာ ရန်ကုန် ဆိပ်ကမ်းသို့ ဆိုက်ကပ်ကြရန်ဖြစ်ကြောင်း ဇွန်(၂၅)ရက်နေ့၌ ရန်ကုန်မြို့တွင် ကျင်းပသည့် အလှူရှင်နိုင်ငံများက ကတိက၀တ်ပြုကြသည့်ညီလာခံတွင် နိုင်ငံတော်ဝန်ကြီးချုပ်က အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ပုံပြင်တစ်ပုဒ်တွင် သဲမုန်တိုင်းကျစဉ် ကုလားအုပ်တစ်ကောင်က လူနေသည့်တဲအတွင်း ခေါင်းကလေးဝင် ပါရစေဟု ခွင့်တောင်၍ အားနာပြီး ခွင့်ပြုခဲ့မိသည်။ နောက်တစ်ဆင့်ပြီးတစ်ဆင့် ပခုံးလေးဝင်ပါရစေ၊ ကိုယ်လုံးလေးဝင်ပါရစေဟု တောင်းဆိုရင်း ကုလားအုတ်တစ်ကောင်လုံး တဲထဲရောက်သွားပြီး လူက တဲအပြင်ဘက် ထွက်နေရသည့် အကြောင်း၊ သင်ခန်းစာပေးထားသည်။ ထို့ကြောင့် အမေရိကန် စစ်သင်္ဘောများကို ၀င်ရောက်ခွင့် မပေးခြင်းနှင့် အကြောင်းရင်းများကို အနုလုံပဋိလုံ ဆင်ခြင် သုံးသပ်သင့်ပေသည်။

No comments: