Tuesday, June 3, 2008

ပြည်ထောင်စု မပြိုကွဲရေးအတွက် အာမခံချက်

  • မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ခု ပြဋ္ဌာန်းကျင့်သုံးခဲ့ ဖူးတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို နယ်ချဲ့တို့ထံမှ လွတ်လပ်ရေး အမြန် ရောက်ရှိဖို့အတွက် လပိုင်းအတွင်း အမြန်ရေးဆွဲခဲ့ရတာဖြစ်တယ်။ အဲ့ဒီ အခြေခံဥပဒေကို တိုင်းပြည်ပြု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်ပြီး ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ (၁၄)နှစ်တိုင် ကျင့်သုံးခဲ့တယ်။ အဲ့ဒီအခြေခံ ဥပဒေဟာ ခိုင်မာမှုမရှိခဲ့လို့ ပြည်ထောင်စု ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံရပြီး ၁၉၆၂ ခုနှစ်မှာ ပျက်ပြယ်သွားခဲ့တယ်။
  • ၁၉၇၄ ခုနှစ်မှာ ဒုတိယမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပြန်တယ်။ ၁၉၇၁ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိ အချိန်ယူပြီး ရေးဆွဲခဲ့တာဖြစ်တယ်။ ပြည်လုံးကျွတ်ဆန္ဒ ခံယူကျင်းပ ခဲ့ရာမှာ ထောက်ခံမဲ ၉၀.၁၉ ရာခိုင်နှုန်းရရှိခဲ့တယ်။ အဲ့ဒီအခြေခံဥပဒေလည်း (၁၄)နှစ်တာ တည်တံ့ ခဲ့တယ်။ နိုင်ငံတကာ နိုင်ငံရေးအခြေအနေပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် အခြေခံ ဥပဒေကို မပြင်ဆင်နိုင်ခဲ့တဲ့အတွက် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုးရမယ့် အခြေအနေကို ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ပျက်ပြယ်သွားခဲ့ပြန်တယ်။
  • အဲ့ဒါကြောင့် မြန်မာနိုင်ငံမှာ ယခင့် ယခင် အခြေခံဥပဒေတွေထက် ပိုပြီးခိုင်မာတဲ့ အခြေခံ ဥပဒေတစ်ရပ် မရိှမဖြစ် လိုအပ်လာခဲ့တာ ဖြစ်တယ်။ ဒီလို ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံတွေကို နောက်ကြောင်း မပြန်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ခိုင်မာသော အခြေခံဥပဒေ၊ အာမခံချက်ရှိသော အခြေခံဥပဒေအဖြစ် ပြည်သူတွေက ယုံကြည်လက်ခံလို့ ပြီးခဲ့တဲ့ မေလအတွင်း ကျင်းပခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ၉၂.၄၈ ရာခိုင်နှုန်းနဲ့ အတည်ပြု ပြဋ္ဌာန်းလိုက်လို့ပဲ ဖြစ်တယ်။
  • အဲ့ဒီအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းရင် ၄င်းတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေ ထိခိုက်မှာ ဆိုးလို့ အမျိုးမျိုး ယိုးမယ်ဖွဲ့ အပြစ်ရှာပြီး ကန့်ကွက်မဲပေးကြဖို့ သွေးထိုးခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အဖျက်သမားတွေကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟာ တရားမျှတမှု မရှိဘူးလို့ အော်နေကြ ပြန်တယ်။ ဒါက သူတို့ ပြောနေလုပ်နေကြ ရှာနှစ်ခွ လုပ်ရပ်တွေပါ။
  • ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပခင်တုန်းကလည်း NLD နဲ့ အပေါင်းအပါတွေက သူတို့နိုင်မလား ၊ ရှုံးမလား မသေချာတာမို့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ ကြိုကန်ထားခဲ့တာ မှတ်မိကြဦးမှာပါ။ မထင်မှတ်ဘဲ ထောက်ခံမဲ ၃၈ ရာခိုင်နှုန်းမျှနဲ့ အသာရသွားပြန်တော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါပေတယ်လို့ စကားကို ပြင်ပြောခဲ့တယ် မဟုတ်လား။
  • အခု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကြပြန်တော့ သူတို့ကို အလိုလိုစိတ်ကုန်နေတဲ့ ပြည်သူလူထုက ပြတ်ပြတ်သားသား လုပ်တော့မှာကို ကြိုတင်ခန့်မှန်မိပြီး ဆန္ဒခံယူပွဲဟာ လွတ်လပ်မှာ မဟုတ်ဘူး၊ တရာမျှတမှု ရှိမှာမဟုတ်ဘူးလို့ ကြိုကန် ခဲ့ပြန်တယ်။ ဒီတစ်ချီမှာတော့ သူတို့ တွက်ဆချက် အတိုင်းပဲ ပြည်သူလူထုက အခြေခံဥပဒေသည် ပဓာဏ၊ NLDက သာမည လို့ လုပ်ချလိုက်တော့ ကြိုတင်မဲတွေယူတယ်၊ ထောက်ခံမဲပေးဖို့ စည်းရုံးတယ်၊ မသာမှုတွေ ရှိတယ်လို့ အုန်းအုန်းညံအောင် အော်နေကြပြန်တယ်။
  • ဒီပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးကို ပေါ့ပျက်ပျက် သဘောထားပြီး ပြည်သူလူထုကို ပေါ့သေးသေးလို့ မှတ်နေတဲ့ NLD ကို ပြည်သူတွေက ပညာပေး လိုက်တာပဲ ဖြစ်တယ်။
  • ပြည်သူလူထုဟာ ပြည်ထောင်စုကြီး မပြိုကွဲရေးနဲ့ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် အမြဲ လေးနက်ခဲ့တယ်။ NLD က ပြည်ထောင်စု ရှေ့ရေး တွေးမပူဘဲ ယောင်ခြောက်ဆယ် လုပ်နေချိန်မှာ ပြည်သူလူထုက ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်လုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ အမျိုးသားရေး ၀ါဒကို ဦးထိပ်ပန်ဆင်လျက် ရှိနေတယ်။ အဲ့ဒီအမျိုးသားရေး မူဝါဒအောင်မြင်ဖို့အတွက် နိုင်ငံတော်ရဲ့ အမျိုးသားမူဝါဒ ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော် ပါဝင်တာဝန်ထမ်းဆောင်မှ ဖြစ်မြောက်နိုင်မယ်လို့ မျှော်တွေး တွက်ဆနိုင်ခဲ့တယ်။ တစ်ဖက်ကလည်း လောကပါလ တရားများ ပိုမိုထွန်းကားလာစေတယ်။
  • အဲ့ဒီ လိုအင်ဆန္ဒ မျှော်လင့်တောင့်တမှုနဲ့ ခံယူချက် ၊ ယုံကြည်ချက်တွေကြောင့် ပြည်သူအများစုကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို တစ်ခဲနက် ထောက်ခံ အတည်ပြုပေးခဲ့ကြတာ ဖြစ်တယ်။ အခြား အကြောင်း ဘာမှ မရှိဘူး။ တိုတို ပြောရရင် နိုင်ငံတော်အဓွန့်ရှည်ရေးနဲ့ ပြည်ထောင်စုမပြိုကွဲရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာမခံချက် ရယူလိုက်တာပဲ ဖြစ်တယ်။ တနည်းပြောရရင် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ပြည်သူလူထုက ကာကွယ်စောင့်ရှောက် ပေးလိုက်တာလို့ ဆိုတယ်။
  • အဲ့ဒီကိစ္စဟာ အကောင်းလား အဆိုးလား၊ အကျိုးရှိသလား မရှိဘူးလား၊ သဘာဝ မကျဘူးလား။ ဒါကိုမှ တရားမျှတမှုမရှိဘူး၊ မလွတ်လပ်ဘူး၊ မသမာဘူးဆိုရင်တော့ နိုင်ငံရေး လုပ်စားမနေနဲ့တော့။ အာဏာနိုင်ငံရေးအတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာချိုးခဲ့သလို “တောင်ကျရေ နွားနှစ်ကောင်မ၀ သလိုပ၊ မောင်ဘဖေ ငါးထောင်မရတာကြောင့်” ဖြစ်နေဦးမယ်ဆိုရင် ဆရာကြီးရဲ့ နောက်လေးချိုးတစ်ပုဒ်ထဲကလို “ထမင်းတစ်လုတ်များတော့ ထင်းခုတ်စားလို့ ရပါရဲ့” လို့ ညွှန်းလိုက် ပါရစေ။ တစ်ခုတော့ သတိပြုဖို့ လိုလိမ့်မယ်။ သစ်တစ်ပင်ခုတ် အချုပ်(၃)လဆိုလား၊ (၃)နှစ်ဆိုလား ဥပဒေက တားမြစ်ထားကြောင်းပါ။

No comments: