Saturday, June 7, 2008

စားနပ်ရိက္ခာပူပန်စရာမလို၊ ကြိုးစားအားထုတ်ကြဖို့သာ လိုသည်

မြန်မာနိုင်ငံရဲ့ ဆန့်ကျင်ဘက်အုပ်စုတွေ ကနေ့အထိ အလုပ်မဖြစ်တဲ့အကြောင်းတွေထဲမှာ ဆရာကြီးလုပ်ပြီး အာချောင်တာတွေလည်းပါတယ်။ ပြောမယ့်သာ ပြောရတယ်၊ နိုင်ငံတကာမှာလည်း ဆရာကြီးလုပ်ပြီး အာချောင်ပေးရတဲ့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ငန်းဟာ လူထုဆက်သွယ်ရေးကဏ္ဍမှာ မပါမဖြစ် စိတ်ညစ်ဖို့ကောင်းအောင် "ပါလေရာ" ဖြစ်နေတယ်ဆိုပဲ။

အခုလည်းကြည့်၊ နာဂစ်ကို ကမ္ဘာစစ်ဖြစ်တဲ့အတိုင်း ၀ိုင်းအော်၊ ၀ိုင်းလှောင်နေကြတာ မိုးမွှန်နေတာပဲ။ အဲ့ဒီအထဲမှာ မြန်မာပြည်ရဲ့ စပါးကျီကြီးတော့ ပျက်စီးသွားပြီင်္။ ဆန်ဈေးတွေ ကြီးကုန်ပြီ၊ နောက်နှစ်မှာ ပြတ်လပ်တော့မယ် ၊စီမံခန့်ခွဲပုံ မဟန်ရင် အငတ်ဘေးဆိုက်နိုင်တယ်ဆိုတဲ့ အထိ လှန့်လုံး၊ ခြောက်လုံးတွေ လုပ်နေကြနေလေရဲ့။

အဲ့ဒီလို '' ငါ.....မပါ၊ ဘယ်ဟာမှ မဖြစ်ဆိုတဲ့ မဖြစ်ညစ်ကျယ်တွေ ကမ္ဘာ့လှည့်ပြီး စွာကျယ်၊ စွာကျယ် လုပ်နေပေမယ့် မြန်မာနိုင်ငံကတော့ အေးဆေးပဲ။ မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ်၊ ရှေးရှု့နှင်နေမြဲဖြစ်တယ်။

ကမ္ဘာမှာ စားနပ်ရိက္ခာ ပြဿနာတက်နေပြီ၊ ဆန်ဈေးတွေ ကြီးနေပြီ၊ နောက်(၁၀)နှစ်အတွင်း အခုထက် ၅၀% ပိုပြီး ထုတ်လုပ်နိုင်အောင်လုပ်မှ တန်ကာကျမယ်၊ စတာတွေကို အခုမှ သုတ်သီး သုတ်ပျာနဲ့ အရေးတကြီး အစည်းအဝေးကျင်းပဆုံးဖြတ်ချက်ချနေရချိန်မှာ မြန်မာနိုင်ငံက ခေတ်ရှေ့ကို တစ်ခေါ်လောက် ပြေးနေတယ်ဆိုရင် ကြွားတာလို့ ထင်လေမလား ။

နိုင်ငံ့ခေါင်းဆောင်တွေဟာ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြော သူတွေ ဖြစ်တယ်။ နိုင်ငံ့အရေး၊ အနာဂတ်အရေးကို ရိုးရိုးလေးပဲ တွေးခေါ်နေတယ်၊ တစ်ဘ၀စံတွေ မဟုတ်ဘဲ သံသရာအရေးအထိ ကုသိုလ်ကောင်းမှုတွေ ပွားစီးနေသလို ၊ မြန်မာနိုင်ငံရဲ့ သားစဉ်မြေးဆက် မကြောင့်မကြရေး အတွက် ရင်းနှီး မြုပ်နှံပေးနေတာ ပညာမျက်စိနဲ့ မြင်သိကြဖို့လိုပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ နောင်ဖြစ်ပေါ်လာမယ့် လူဦးရေ သန်း၁၀၀အထိ ဖူလုံအောင် ထုတ်လုပ်ပေးနိုင်ဖို့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းလုပ်ဆောင်နေတယ်ဆိုတဲ့ စကားကို လူကြီးတွေ အခါသင့် အခွင့်ကြုံတိုင်း ဖွင့်ဟပြောကြား အသိပေးနေတာ ကြာပါပြီ။ တစ်ချို့က အမှုမဲ့၊ အမှတ်မဲ့နေကြတယ်၊ တစ်ချို့တစ်လေကတော့ မသိကျိုးကျွံ ပြုကြတယ်။ ဆန့်ကျင်ဘက်အုပ်စုဆိုရင် ပျက်ရယ်ပြုတဲ့ အထိပဲ။

အဲ့ဒီလို ကိုယ်နဲ့မဆိုင်သလို ။ ကိုယ့်မှာ တာဝန်ရှိသလို နေနေခဲ့ကြသူတွေအဖို့တော့ ဆန့်ကျင်ဘက် မီဒီယာတွေရဲ့ ခြောက်လုံး လှန့်လုံးတွေကြောင့် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဆန်ပဲပြေးဝယ်ထားရမလို၊ ဆီပဲ စုဆောင်းထားရမလို ဖြစ်နေသူတွေလည်း ရှိနေတယ် မဟုတ်လား။

အဆိုပါ ပုဂ္ဂိုလ်တွေကို လက်တို့ပြီး ပြောလိုက်ချင်တာက သတင်းစာ၊ ဂျာနယ်တွေဖတ်ပြီးမှ ဈေးဝယ်ပါ ဆိုတာပါပဲ။ အဲ့ဒီ စာနယ်ဇင်းတွေမှာ မိတ်ဆွေတို့ အာသီသရှိလို့ သိချင်တဲ့ သတင်းတွေပါချင်မှ ပါမှာ ဖြစ်ပေမယ့် သတင်းမှန်တွေ၊ တန်ဖိုးရှိတဲ့သတင်းတွေ အမြဲပါနေတာ အသေအချာပါပဲ။ အခု... မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအခြေအနေနဲ့ ပတ်သက်တဲ့သတင်းကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

၃-၆-၂၀၀၈ ရက်နေ့ လေဘေးသင့်ဒေသများကို ကြည့်ရှု့စစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများ တွေ့ဆုံမှာကြားရာမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက အခုလို ရှင်းလင်းပြောကြား အသိပေးသွားခဲ့တယ်။

"နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာလူမျိုးတို့ အားထားသော အခြေခံ စားကုန်များဖြစ်သည့် ဆန်၊ဆီနှင့် ဆားကို ဒေသအလိုက် ပြည့်စုံဖူလုံအောင်နှင့် အချို့သော ဒေသများကို နိုင်ငံတော်၏ အခြေခံ စားကုန်ထုတ်လုပ်ရာဒေသများဖြစ်အောင် စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်နှင့် အညီ ရေရှည်ကို မျှော်တွေးပြီး အဘက်ဘက်မှ စီမံဆောင်ရွက်ခဲ့သဖြင့် ယခုကဲ့သို့ ဒေသတစ်ခု၌ အရေးကြုံသော်လည်း စိုးရိမ်ပူပန်ဖွယ်မရှိသည့် အခြေအနေမှာ ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း။

"စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ ယမန်နှစ်က တစ်နိုင်ငံလုံးတွင် နွေစပါးနှင့် မိုးစပါး စုစုပေါင်းစိုက်ဧက ၁၉.၉၉သန်း စိုက်ပျိုးခဲ့ပြီး ဧရာဝတီတိုင်း အနေဖြင့် နွေစပါးနှင့် မိုးစပါးဧကပေါင်းမှာ ၀.၁၈ သန်းသာ ရှိသဖြင့် တစ်နိုင်ငံလုံး စိုက်ဧက၏ ၀.၀၃၆ ရာခိုင်နှုန်းရှိကြောင်း။

"သို့သော် ဧရာဝတီတိုင်းအနေဖြင့် စိုက်ပျိုးချိန်အမီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်က ဖြည့်ဆည်းပေးပြီး ဒေသခံများကလည်း ကြိုးစားဆောင်ရွက်ကြမည်ဆိုလျှင် ဧရာဝတီတိုင်းသည် မူစိုက်ဧကနီးပါး ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း။

"သို့ဖြစ်၍ လက်ရှိအခြေအနေသည် စားရေးအတွက် စိုးရိမ်ပူပန်ရန် မလိုတော့ဘဲ လေဘေးသင့် ဒေသများ၏ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အဓိက ကျသည့် လယ်ထွန်စက်၊ ဓါတ်မြေသြဇာ၊ စက်သုံးဆီ၊ ပဲ့ထောင်လှေ၊ ငါးဖမ်းပိုက် စသည့်လုပ်ငန်းခွင်သုံး ပစ္စည်းများ ကူညီပေးနိုင်စေရေးကို အလေးထား ဆောင်ရွက်ကြရန် ဖြစ်ကြောင်း"

ကဲ..... ဒီလောက်ဆို သဘောပေါက်လောက်ရောပေါ့။ ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်သလို စစ်ကိုင်းတိုင်းကိုလည်း ဒုတိယစပါးကျီဖြစ်အောင် တည်ဆောက်ထားတာ၊ စစ်ကိုင်းတိုင်းကနေ စပါးတင်း သိန်း ၁၀၀၀ ပိုလျှံနေတာ၊ မကွေးတိုင်းဟာ မြန်မာနိုင်ငံရဲ့ဆီအိုးကြီးဖြစ်သလို တနင်္သာရီတိုင်းကိုလည်း ဒုတိယ ဆီအိုးကြီးဖြစ်အောင် ကြိုးပမ်းဖော်ဆောင်နေတာ၊ မြန်မာနိုင်ငံရဲ့ မြစ်ချောင်း၊ အင်းအိုင်ဟူသမျှမှာ ငါးမျိုးတွေ ဆယ်စုနှစ်နဲ့ချီပြီး စိုက်ထည့်ထားတာ၊ ပင်လယ်ကမ်းရိုးတန်း အရှည်မိုင်ပေါင်း ၁၂၀၀ မျှရှိတဲ့ မြန်မာနိုင်ငံမှာ ဆားချက်ကွင်းတွေ ထပ်မံဖန်တီးနိုင်တာ၊ ပဲမျိုစုံကို ထိပ်ပိုင်းက တင်ပို့နေနိုင်တာ၊ စိုက်ပျိုးရေးအတွက် ဆည်တမံအသစ် ၂၁၁ခုနဲ့ မြစ်ရေတင်စီမံကိန်းပေါင်း ၃၀၀ကျော် အသစ်တည်ဆောက် အသုံးပြုနေတာ၊ ဒါလောက်လေး တီးမိ ခေါက်မိရှိအောင် သိထားရင် ပြည်တွင်းပြည်ပမှ ဆရာကြီးလုပ်နေသူတွေရဲ့ စကားဟာ " င့ါစကား နွားရ" ဆိုတာထက် ဘာမှ တန်ဖိုးမရှိဘူးဆိုတာ သဘောပေါက်ကြမှာပါ။ ဒီတော့ .......ကြိုးစားအားထုတ် အလုပ်လုပ်ဖို့က အဓိက မဟုတ်လား။

No comments: