Tuesday, June 3, 2008

“အလုပ်လုပ်ရမှ နေပျော်သူတွေပါ”

  • “နာဂစ်” မုန်တိုင်းကတော့ ပွဲပြီး မီးသေ ထားရစ်ခဲ့ပါပြီ။ ဒါပေမယ့် “နာဂစ်”ကို အကြောင်းပြုပြီး အကြောင်းမရှိ မကြောင်းရှာ ၊ ပြဿနာ အမျိုးမျိုးလုပ် ရှင်းနေတာကို ၀င်ရှုပ်နေသူတွေ အဖို့တော့ ခုမှ ပွဲကြီး ပွဲကောင်း ဖြစ်နေပါတယ်။
  • နောက်ထပ် မုန်တိုင်းတစ်ခု ၀င်ဦးမယ်၊ နောက်ဆက်တွဲ ကပ်ရောဂါတွေ ကျရောက်နိုင်တယ်၊ ပြည်ပမှ ကူညီထောက်ပံ့မှုတွေကို လက်မခံနိုင်ဘူး။ ကယ်ဆယ်ရေး ပစ္စည်းတွေ အလွဲသုံးစား လုပ်နေတယ်။ စားနပ်ရိက္ခာ ပြဿနာတက်တော့မယ်။ ကယ်ဆယ်ကူညီမှုတွေ မထိရောက်ဘူး စတာတွေကို တစ်နေ့တစ်မျိုး မရိုးရအောင် လက်ညှိုးထိုးပြီး ပုတ်ခတ် စွပ်စွဲနေကြတယ်။
  • အဲ့ဒီလို နိုင်ငံတကာမှာ ဆရာကြီးလုပ်နေတဲ့သူတွေက ကိုယ့်ကိုယ်ကို ပွဲထုတ်ပြီး မဟုတ်တရုတ် လုပ်ဇာတ်ခင်းနေတာ တွေ့ရတော့ ဟာသတစ်ပုဒ်ကို သွားသတိရမိတယ်။ ရွာတစ်ရွာမှာ တတ်ယောင်ကားနဲ့ နေရာတကာ ၀င်ပါလေ့ရှိသူကြောင့် တစ်ရွာလုံး စိတ်ညစ်နေကြ သတဲ့။ တစ်နေ့မှာ အသုဘတစ်ခုရိှလို့ သဂြိုလ်ဖို့လုပ်ရမှာ အဲ့ဒီလူ ၀င်မရှုပ်နိုင်အောင် အိမ်တစ်အိမ် ထဲမှာ သော့ခတ်ပြီး ထားလိုက်တယ်။ မကြာခင် ကြေးစည်ရိုက်ပြီး အသုဘ ပို့ပါရော။ အဲ့ဒီအချိန်မှာ သော့ခတ်ပိတ်ထားတဲ့ အိမ်ရဲ့ခေါင်မိုးတွေကြားက ခေါင်းပြူထွက်ပြီး အဲ့လူက ဘယ်လို အော်သလဲ ဆိုတော့ “ဘုန်းကြီးရှေ့ကကြွ”တဲ့ ။
  • ကဲ....ဆရာကြီးလုပ်ပုံက မလွန် လွန်းဘူးလား။ ခုလည်း “နာဂစ်”အကြောင်းပြုပြီး မရှုပ်ရှုပ်အောင် ၀င်လာတဲ့ အဖွဲ့တွေထဲမှာ ILO လည်း ပါဝင်ဖို့ ခြေလှမ်းပြင်နေတာ တွေ့ရတယ်။ ILO ကိုယ်စားလှယ်က ဒုက္ခသည်တွေကို အတင်းအကျပ် မရွေ့ပြောင်းရဘူး။ မခိုင်းစေရဘူးလို့ ဆိုလာနေ ပါရောလား။
  • မြန်မာတွေဟာ “ဒုက္ခ အမြဲမရှိ” အသိတရား ပွားနေသူတွေပါ။ ဖြစ်ပျက် ပျက်ပြန်လောကဓံ တွေကို ခံနိုင်ရည် ရှိသူတွေပါ။ ဘာသာကိုင်းရှိုင်းမှုတွေကြောင့် ကံပစ်ချရာကနေ နလန်ထအောင် ထူထောင်နိုင်သူတွေပါ။ တစ်ချို့သော အနောက်နိုင်ငံတွေက အလုပ်လက်မဲ့တွေကို အစိုးရရဲ့ ထောက်ပံ့ကြေးကို မှီခိုပြီး တစ်သက်လုံး လက်ကြောမတင်းပဲ စိတ်ဓါတ်ကျနေသူတွေ မဟုတ်ပါဘူး။
  • ကိုယ့်ဇာတိရပ်ရွာကို သံယောဇဉ်ကြီးတယ်၊ ကိုယ့်ပင်ရင်း လက်ငုပ်အလုပ်တွေကို ပြန်လုပ် လိုတယ်၊ ကိုယ့်ရပ်ကိုယ့်ရွာ အခြေအနေပေးသမျှ ထူထောင်လိုတယ်။ အနောက်စံနှုန်းတွေနဲ့ သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာလို ပိတ်သွင်း အစာကျွေး လှောင်ထားတာမျိုးကို မကြိုက်ဘူး။ ဒါ့ကြောင့် ကယ်ဆယ်ရေးစခန်းတွေကနေ ပြန်သွားကြတယ်။ သက်ဆိုင်ရာက စားနပ် ရိက္ခာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ အတိုင်းအတာအရ ထောက်ပံ့ပေးလိုက်တယ်။ ထောက်ပံ့ရေး လမ်းကြောင်းကို ပုံမှန်ဖွင့်ပေးထားတယ်။ စာသင်ကြောင်းတွေ၊ ဆေးခန်းတွေ နီးစပ်ရာမှာ ဆောက်ပေးသွားမယ်။ လမ်းမကြီးရဲ့ ရွာဆက်လမ်းတွေ ဖောက်ပေးမယ်။ ဆေးကုသရေး အဖွဲ့က လှည့်လည် ကုသပေးမယ်။ ရေလုပ်ငန်းပြန်စနိုင်အောင် လိုအပ်တဲ့ ပစ္စည်း ပစရတွေကို လက်ငင်း ငွေမချေရဘဲ စာရင်းမှတ်စနစ်နဲ့ ရဦးမယ်။
  • အဲ့သလို ရွာသစ်တည်၊ ကျည်သစ်ဆောက်ရာမှာ ရပ်ရွာစည်ပင်သာယာရေးအတွက် တစ်ယောက်တစ်လက် ၀ိုင်းလုပ် ၀ိုင်းစားစနစ် ကျင့်သုံးကြမယ်။ အဲ့ဒါကို ILO က ဘာမကျေနပ်စရာ ရှိနေတာလဲ။ အဲ့ဒါဆို ကယ်ဆယ်ရေးစခန်းတွေကို နှစ်နဲ့ချီပြီး ဖွင့်ထားရမှာလား။ ကုန်ကျစရိတ်ကို ILO က တာဝန်ယူမှာလား။
  • ILO က တာဝန်ယူမယ်ဆိုရင်တောင် နှောင်ကြိုးမဲ့ ကမ္ဘာမှာ လွတ်လပ်စွာ နေထိုင်လိုတဲ့ မြန်မာစိတ်ဓါတ်က လက်ခံမှာ မဟုတ်ပါဘူး။ အဲ့ဒီ မြန်မာဓလေ့ မြန်မာ့စိတ်ထားတွေနဲ့လည်း မြန်မာနိုင်ငံပေါ်မှာ အခြေခံထားပြီး သုံးသပ် လုပ်ဆောင်ပါလို့ အကြံပြုလိုက်ချင်ပါတယ်။
  • အဲ့ဒီလို မဟုတ်ဘဲ သစ်တောက်ငှက်ကို ဖိတ်ပြီး လင်ဗန်းနဲ့ ကျွေးမွေးဧည့်ခံတဲ့ မြေခွေးလို ပြုမူဆက်ဆံလာရင် မြန်မာတွေကလည်း မြေခွေးကို ၀ါးကျည်တောက်နဲ့ ပြန်လည် ဆက်ဆံသွားနိုင်ကြောင်း အသိပေးလိုက်ရပါတယ်။

No comments: