Monday, June 30, 2008

မိုးမပြိုဘူး................. ပြိုခဲ့သော်

အခုတစ်လော မြန်မာနိုင်ငံရဲ့ သဘာဝဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး လူသားချင်းဆိုင်ရာညှာတာစာနာထောက်ထားမှု မရှိဘဲ ပြစ်မှုကျူးလွန်နေသည့် အခြေအနေ ဖြစ်ပေါ်နေတာမို့ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့် Responsibility to protect အရ နိုင်ငံတကာကယ်ဆယ်ရေးတပ်ဖွဲ့ တွေ အမြန်ဆုံးအင်အားသုံးပြီး ၀င်ရောက်ဖို့ အနောက်အုပ်စုက လှုပ်ရှားဆောင်ရွက်နေသလို VOA၊BBCနဲ့ RFA တို့က ရေလာမြောင်းပေးမေးခွန်းတွေနဲ့ တွေ့ဆုံဆွေးနွေးကောက်ချက်တွေ ဆွဲပြနေတာ တွေ့နေရပါတယ်။

ဒါဟာ အမေရိကန်စစ်သင်္ဘောအုပ်စု၊ ဗြိတိန်စစ်သင်္ဘောတစ်စင်နဲ့ ပြင်သစ်စစ်သင်္ဘောတစ်စင်း ကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေအပြည့်နဲ့ မြန်မာ့ပင်လယ်ပြင်အနီးမှာ လာရောက်စောင့်ဆိုင်းနေပေမယ့် မြန်မာအစိုးရ ၀င်ခွင့် မပြုလို့ ကျွဲမြီးတိုပြီး အပြစ်မရှိ အပြစ်ရှာတာလို့ အစပိုင်းမှာ ထင်လိုက်မိပါသေးတယ်။ ဒါပေမယ့် ကြက်တူရွေးကတော်တော် မယ်တော်ကကဲကဲဆိုသလို ပြည်တွင်း NLD၊ ပြည်ပြေးNLDနဲ့ အပေါင်းအပါတွေ ကျီးအာသလို ၀ိုင်းအာလာကြတာမို့ ဒါဟာ သွေးရိုးသားရိုးဖြစ်စဉ် မဟုတ်တော့ဘူးဆိုတာ ရိပ်စားမိလိုက်ပါတယ်။

ဒီကိစ္စကို ကမ္ဘာ့မီဒီယာလောကမှာ ဧရာမသတင်းကြီးလို ဇောင်းပေးဖော်ပြနေတာလဲ တွေ့နေရပါတယ်။ ဒါ့အပြင် ၁၆-၆-၂၀၀၈ရက်နေ့က နယ်စပ်တစ်နေရာမှာ ပြည်ပြေးNLD ခွန်မြင့်ထွန်း၊ ဦးလှဦင်္းနဲ့ နိုင်သောင်းရှိန်ဆိုသူ သုံးဦး သတင်းစာရှင်းလင်းပွဲလုပ်ပြီး မြန်မာနိုင်ငံထဲကို အင်အားသုံးဝင်ရောက်ဖို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ကို တိုက်တွန်းတောင်းဆိုတဲ့ ကြေငြာချက်ထုတ်ပြန်တယ်ဆိုတဲ့သတင်းကို ကြားလိုက်တော့မှ ပြည်တွင်းပြည်ပ ချိတ်ဆက်လုပ်တဲ့လုပ်ရပ်ဆိုတာ သုံးသပ်တွေ့ရှိရပါတော့တယ်။

ဒါဟာ ၁၉၉၉ခုနှစ်က အမေရိကန်နဲ့ အပေါင်းအပါနေတိုးတပ်ဖွဲ့တွေ ယူဂိုဆလားဗီးယားပြည်ထောင်စုကိငု လေယာဉ်ရာနဲ့ချီဝင်ရောက်ဗုံးမိုးရွာပြီး ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက အမေရိကန်နဲ့ နေတိုးက လူသားချင်းစာနာမှုအတွက် ကျူးကျော်တိုက်ခိုက်ခြင်းလို့ အကြောင်းပြခဲ့ပေးမယ့် ကုလသမဂ္ဂနဲ့ ကမ္ဘာက လက်မခံခဲ့ပါဘူး။ ဆန့်ကျင်ကန့်ကွက်ပွဲတွေ ခြိမ့်ခြိမ့်သဲအောင် လုပ်ခဲ့ပါတယ်။ ကမ္ဘာ့ပြည်သူတွေနည်းတူ မြန်မာပြည်သူတွေကလည်း အင်အားသုံးပြီုးဝင်ရောက်ကျူးကျော်တဲ့ ကိုလိုနီနယ်ချဲ့ရဲ့ လုပ်နည်းလုပ်ငန်ကို လုံးဝဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျူးကျော်စစ်ပွဲဆင်နွှဲမှု့ကို သဲသဲလှုပ်ထောက်ခံခဲ့သူတွေကတော့ ဒေါ်စုကြည်နဲ့ NLDတို့ ဖြစ်နေတာ တွေ့ရပါတယ်။ ၁၉၉၉ခုနှစ် ဇွန်လ (၇)ရက်၊ ပါတီတွင်းဆွေးနွေးချက်မှတ်တမ်းဖြန့်ဝေစာထဲမှာ ဒေါ်စုကြည်က အခုလိုပြောကြားကြောင်း ပေထထက်အက္ခရာတင်ထားတာ အထင်ရှားပါပဲ -
"အခုဆိုလို့ရှိရင် ယူဂိုဆလမ်မှာဖြစ်နေတဲ့ ကိစ္စဟာ ထင်ရှားနေတာပဲ၊ တော်တော့ကို ဗုံးတွေကြဲတာ၊ တော်တော့ကို လူတွေရော၊ တိုင်းပြည်ရော နာတဲ့အခါကျမှ တွေ့ဆုံဆွေးနွေးရေးလုပ်ပါတော့မယ်ဆိုပြီး လာတယ်။ ဒါတောင် စစ်ဗိုလ်ချုပ်ကြီးတွေက ဒီသဘောတူညီချက်ကို ပြည့်ပြည့်၀၀ အကောင်အထည်မဖော်လို့ နေတိုးက ဆက်ပြီး ဗုံးကြဲဦးမယ် ဆိုပြီးတော့ ဖြစ်နေတယ်။ အဲ့ဒီတော့ ပြည်သူတွေ ဆက်ပြီးတော့ နာဦးပေါ့၊ ဆက်ပြီးတော့ ခံဦးပေါ့။"

ဒါဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို သွယ်ဝိုက်ရုံ မဟုတ်တော့ဘဲ တိုက်ရိုက်ပေါ်တင်ကြီး ခြိမ်းခြောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါ်စုကြည် ၁၉၉၅ခုနှစ် ဇူလိုင်လမှာ ပြောထားတဲ့ စကားရှိတယ်မဟုတ်လား။ တွေ့ဆုံဆွေးနွေးရေးနဲ့ အလုံးစုံပျက်သုဉ်းရေး ကြိုက်ရာရွေးဆိုတဲ့စကားကို အားလုံးမှတ်မိကြဦးမှာပါ။ နိုင်ငံတော် အစိုးရအနေနဲ့ သူနဲ့တွေ့ဆုံဆွေးနွေးမှု မလုပ်ရင် ယဂိုဆလမ်လိုပဲ ဗုံးကြဲတိုက်ခိုက်တာခံရမယ်လို့ တည့်တည့် မပြောရုံဘဲ ကျန်ပါတော့တယ်။ ဒါဟာသူ့နောက်မှာ အမေရိကန်တို့၊ နေတိုးတို့ရှိတယ်လို့ ဆိုလိုရာလည်း ရောက်ပါတယ်။

အဲ့ဒီတစ်ကြိမ်ထဲဆိုရင် တိုက်ဆိုင်မှုပဲလို့ ငြင်းနိုင်ပါသေးတယ်။ ဒါပေမယ့် ဒေါ်စုကြည်နဲ့ NLDက လေတစ်လုံး မိုးတစ်လုံးနဲ့ ဗုံးတွေကြဲချ၊ ပါစပ်သေနတ်ပစ်ပြခဲ့တာ တရစပ်ပါပဲ။ ၁၆-၉-၉၉ရက်နေ့မှာ လုပ်တဲ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (RPP)တစ်နှစ်ပြည့် အခမ်းအနားမှာတော့ ဒေါ်စုကြည်တစ်ယောက် ဟန်တောင် မဆောင်နိုင်တော့ဘဲ အခုလို ပြောကြားခဲ့ကြောင်း ၂၀၀၀ပြည့်နှစ် မေလ(၁၈)ရက်နေ့သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူများက ရှင်းပြခဲ့ပါတယ် -
"အဆိုးဆုံးကတော့ ၁၆-၉-၉၉ရက်နေ့ကလုပ်ခဲ့တဲ့ (၁၀)ဦးဂိုဏ်းရဲ့ တစ်နှစ်ပြည့်အခမ်းအနားမှာ ဒေါ်စုကြည့်ရဲ့ ပြောကြားချက်များမှာ မြန်မာနိုင်ငံနဲ့ အရှေ့တီမောဟာ ကံတူအကျိုးပေးတွေဖြစ်တဲ့အကြောင်း၊ သေနတ်ပြ အုပ်ချုပ်ပြီး အရှေ့တီမောလို ဖြစ်နေတာကိုနိုင်ငံတကာက ကြည့်နေဦးမှာလား၊ အုံကြွဖျက်ဆီးမှုတွေ ကြုံလာမှ အရေးယူဆောင်ရွက်တော့မှာလားဆိုတဲ့ မေးခွန်းမေးပြီး အရှေ့တီမောမှာ နိုင်ငံပေါင်းစုံက လက်နက်ကိုင် တပ်တွေဝင်သလို မြန်မာနိုင်ငံကို နိုင်ငံစုံက ၀င်ရာက်ခြယ်လှယ်ဖို့၊ ပြည်ပစွက်ဖက်မှုကို ပြောင်ပြောင်တင်းတင်း ကမ်းလှမ်းဖိတ်ခေါ်တဲ့ ပြောကြားချက်ဖြစ်ကြောင်း။
"ပြည်တွင်းမှာလည်း ရှစ်လေးလုံးအကြောင်း ပြလိုက်၊ ကိုးလေးလုံးအကြောင်းပြလိုက်၊ ဘာနေ့ညာလိုက် အမျိုးမျိုးအကြောင်းပြပြီး၊ အခါတော်ပေးပြီး၊ ဆရာတော် သံဃာတွေကိုအသုံးချပြီး ၊ သွေးထိုးလှုံ့ဆော်လိုက်၊ လူငယ်ကျောင်းသားတွေဘက်လှည့်ပြီး သပ်လျှိုလိုက်၊ တိုင်းရင်းသားတွေကိုမြှောက်ပင့်ပေးပြီး သွေးခဲသပ်လျှို လိုက်နဲ့ ပြဿနာမဖြစ်ဖြစ်အောင် ပြည်တွင်းပြည်ပ အချိတ်အဆက်လုပ်ပြီး ပဋိပက္ခတွေကို ဖန်တီးနေကြောင်း၊ ပဋိပက္ခဖြစ်လာရင် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့၊ ၀င်စွက်ဖို့ကိုလဲ အသံကုန်အော်ပြီး ဖိတ်ခေါ်နေကြောင်း တွေ့ရပါတယ်" လို့ အထောက်အထားတွေနဲ့တကွ ရှင်းပြသွားတာဖြစ်ပါတယ်။

၁၉၉၉ခုနှစ်က ယဂိုဆလမ်ပြည်သူတွေအပေါ် လက်စွမ်းပြခဲ့တဲ့ အမေရိကန်နဲ့ နေတိုးရဲ့ Huminitarian Intervention ဆိုတာကို အခု ၂၀၀၈ခုနှစ်မှာ Crime against Humanitarian တို့၊ Responsibility to Protect တို့နဲ့ ရောမွှေပြီး ပြည်တွင်းပြည်ပ အတိုင်အဖောက်အချိတ်အဆက်လုပ်လာတာဟာ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးမားကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ မိုးမပြိုဘူး၊ ပြိုခဲ့သော်ဆိုသလို ဘက်ပေါင်းစုံမှ ကြိုတင်တွက်ဆ ကာကွယ်တားဆီးနိုင်မှ စိတ်ချရမယ့် အနေအထားဖြစ်တာကြောင့် ပြည်တွင်း ပြည်ပ ဆန့်ကျင်ဘက်အုပ်စုတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို မမှိတ်သောမျက်စိ မလပ်သောသတိနဲ့ အမြဲစောင့် ကြည့် ဖော်ထုတ်သွားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

No comments: