Tuesday, June 3, 2008

ကျွန်ုပ်တို့လူမျိုး တန်ခိုးရှိသည်

  • မြန်မာတွေဟာ ကိုယ့်အားကိုယ်ကိုး သခင်မျိုးဖြစ်တယ်။ လှေခွက်ချည်းကျန်လည်း အလံကို ဘယ်တော့မှ မလှဲသူတွေ ဖြစ်တယ်။ လူတိုင်းရဲ့ဘ၀မှာ ကံကြမ္မာမုန်တိုင်းနဲ့ ကြုံခဲ့ရတာချည်းပဲ။ ဒါပေမယ့် မြန်မာတွေမှာ စွမ်းစွမ်းတမံ ကြံ့ခိုင်တဲ့ အားမာန်ရှိတယ်။ အဟောင်းပျက်ရင် အသစ်တည်ဆောက်နိုင်တဲ့ မြန်မာ့စွမ်းအားကြောင့် ပုဂံခေတ် ပထမမြန်မာနိုင်ငံတော် ၊ တောင်ငူခေတ် ဒုတိယနိုင်ငံတော်နှင့် ကုန်းဘောင်ခေတ် တတိယနိုင်ငံတော်တွေမှသည် မျက်မှောက်ခေတ် နိုင်ငံတော်အထိ အဆင့်ဆင့်တည်ထောင်ရပ်တည်နိုင်ခဲ့တာ သိထားကြစေချင်ပါတယ်။
  • မျက်မှောက်ခေတ်မှာ မြန်မာနိုင်ငံဟာ ပြည်တွင်း၊ ပြည်ပ အဖျက်လုပ်ရပ်အမျိုးမျိုးကို ရင်ဆိုင် ကျော်လွှားရင်း နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်လျက် ရှိတယ်။ ယနေ့ကာလဟာ နိုင်ငံတော် တည်ဆောက်ရေးကာလဖြစ်တယ်။ အဲ့သလို နိုင်ငံတော်ကို တည်ဆောက်နေချိန်မှာ မေလ (၂)ရက် ၊ (၃)ရက်နေ့က အလွန်အင်အားပြင်းထန်တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်းမှ မြို့နယ်(၇)မြို့နယ်နဲ့ ရန်ကုန်တိုင်းမှ မြို့နယ် (၄၀)တို့ ခံခဲ့ရတယ်။ ပြည်သူပေါင်း (၂)သန်းခွဲခန့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုတွေ တွေ့ကြုံခဲ့ရတယ်။
  • အဲ့ဒါကြောင့် တစ်တိုင်းပြည်လုံး ပြားပြားဝပ်သွားရမှာလား။ တစ်မျိုးသားလုံး ချိနဲ့သွားရမှာ လား။ မြန်မာတစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း (၃၂၅)မြို့နယ် ရှိတယ်။ တစ်မျိုးသားလုံး၊ နိုင်ငံသား အားလုံးရဲ့ လူဦးရေဟာ (၅၇)သန်းကျော်တယ်။ နိုင်ငံတော် အစိုးရ၊ ပြည်သူနဲ့ တပ်မတော် လက်တွဲပူးပေါင်းဆောင်ရွက်နေတဲ့ အစဉ်အလာကောင်း ရှိတယ်။ အဲ့ဒီ ပြည်တွင်းအင်အား၊ နိုင်ငံ့စွမ်းအားနဲ့ သဘာဝဘေးကယ်ဆယ်စောင့်ရှောက်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို မဆိုင်းမတွ ညီညာဖျဖျ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်။
  • ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ အမျိုးသားသဘာဝ ဘေးကယ်ဆယ်စောင့်ရှောက်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ကွင်းဆင်းကြည့်ရှု့လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မေလ(၂၅)ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ အကူအညီများ ကထိက၀တ်ပြုတဲ့ ညီလာခံမှာ ဘယ်လိုပြောကြားသွားခဲ့သလဲ။
  • “မြန်မာပြည်သူများသည် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ကူညီနိုင်ရန် ကြိုးပမ်းလျက် ရှိရာတွင် သတ္တိ ၊ ဗျတ္တိရှိလှပြီး ပြန်လည်ရုန်းထွက်နိုင်စွမ်းရှိကြသည်ကို ပြသနိုင်ခဲ့ပြီဖြစ်သည်”တဲ့။ ဒါဟာ မြန်မာတို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ဖြစ်တယ်။ ကောင်းမြတ်တဲ့ အမျိုးသားရေး လက္ခဏာ ဖြစ်တယ်။
  • အဲ့ဒီလို မြန်မာတို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ အမျိုးသားရေးလက္ခဏာကို တလေးတစား အလေးထား ချီးကျူးထောပနာပြုတဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့မိသားစုဝင်နိုင်ငံအဖြစ် ကူညီအားပေးလိုတဲ့ နိုင်ငံခြားသားတွေ ၊ နိုင်ငံတွေ ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ရှိနေသလို မြန်မာနိုင်ငံအပေါ် ဆီလို အပေါက်ရှာ ပြဿနာရှာနေတဲ့ မြန်မာလူမျိုးတွေကို အဆင့်နှိပ်ချဆက်ဆံနေကြတဲ့ နိုင်ငံတွေ၊ နိုင်ငံခြားသားတွေ ရှိနေတယ်ဆိုတာ အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။
  • အဲ့ဒီ မျက်နှာဖြူ (ကုလားဖြူ) လူတန်းစားတွေ သခင်အားရ၊ ကျွန်ပါးဝဖြစ်အောင်လုပ်နေတဲ့ အမျိုးသား သစ္စာဖောက် ပြည်ပနောက်မြီးဆွဲတွေကလည်း နိုင်ငံနဲ့ ပြည်သူကို နောက်ကျောက ဓါးနဲ့ ထိုးနေကြတယ်မဟုတ်လား။ အခု မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကာလမှာလည်း မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ သဘောနဲ့ ဗူးလေးရာ ဖရုံဆင့် လုပ်နေကြတယ်မဟုတ်လား။
  • မည်သူမဆို လေဘေးကူညီပေးနိုင်ပြီဆိုတဲ့ အချက်ကို ကုသိုလ်တစ်ပဲ၊ ငရဲတပိဿာဖြစ်အောင် လုပ်ရက်ခဲ့ကြတယ်။ စေတနာ သုံးတန်ပြဋ္ဌာန်းပြီး လှူဒါန်းနေကြသူတွေနဲ့ ရောထွေးလိုက်ပါပြီး ကြင်နာခြင်းမဖက်၊ ရှုပ်ထွေးမှု သက်သက်ဖြစ်အောင် လုပ်နေကြတယ်။ လေဘေးသင့်ရာ ဒေသကို သွားရာလမ်းတလျှောက်မှာ စနစ်တကျ ကိုယ်ထိလက်ရောက် မလှူတန်းဘဲ ကူတိုးဆိပ် မှို့အိတ်ဖွင့်သလို ပရမ်းပတာ ကျဲချနေကြတယ်။
  • လမ်းဘေးမှာ ရောက်နေတဲ့ လေဘေးဒဏ်သင့်သူရော ၊ လာရောက်ကြည့်ရှု့နေသူတွေကော ဘုရားပွဲတွေမှာ ရွှေမိုး၊ ငွေမိုး ကျဲတဲ့အခါ တပျော်တပါး ကောက်ယူနေကြသလို လုပ်မိတာကို ဓါတ်ပုံတွေ ၊ ဗီဒီယိုတွေ ရိုက်ကူးပြီး ဒီလူတွေအားလုံး လျှာပေါ် မြက်ပေါက်နေတဲ့ အသွင်နဲ့ ကမ္ဘာလှည့်ပြီး စိတ်ဓါတ် စစ်ဆင်တော့တာပါပဲ။ အဲ့သလို အချိန်မှာ ကယ်ဆယ်ရေးစခန်းတွေမှာ စနစ်တကျလှူဒါန်းနေတာတွေ ၊ သက်ဆိုင်ရာအဖွဲ့အစည်းမှတဆင့် ပေးပို့လှူဒါန်းနေတာတွေ ကြတော့ မှတ်တမ်းတင်ဖို့ ဝေလာဝေး၊ တွေ့ရင်တောင် ခပ်ဝေးဝေးက ရှောင်သွားနေတာ တွေရပါတယ်။ အဲ့ဒီအထဲမှာ မျက်နှာဖြူဆိုတဲ့ လူတွေလည်း ပါနေတယ်။ ပြည်တွင်းက လက်ပါးစေတွေရဲ့ သူခိုးလမ်းပြမှုနဲ့ မြန်မာလူမျိုးတွေကို ယာစကာမျိုးဖြစ်သယောင် တမင် လုပ်ဆောင် ၀ါဒဖြန့်နေကြတာကို ယိုသူမရှက်၊ မြင်သူရှက်စရာပါ။
  • မြန်မာနိုင်ငံမှာ ထမင်းရည်ချောင်းစီး လှူတာမျိုးတွေ ၊ စတုဒီသာ ကျွေးမွေးလှူတာမျိုးတွေ အနတဂ္ဂမ ရှိနေပါတယ်။ လှူသူက အရုပ်၊ အလတ် ၊ အမြတ်မရွေး လေးလေးစားစားနဲ့ လှူဒါန်းတာ ဖြစ်ပါတယ်။ အခုနိုင်ငံသားအချို့နဲ့ လက်ပါးစေတွေလုပ်နေပုံက အစားတလုပ် တုတ်တစ်ချက်လို ဖြစ်နေတာ တွေ့ရပါတယ်။ ဒီလိုအညွန့်ချိုးတဲ့လုပ်ရပ်၊ မတူ မတန်တဲ့ ငါမကယ်ရင် သေဖွယ်ရာ ရှိတော့မယ်ဆိုတဲ့ သဘောထားတွေကို ရပ်တန်းက ရပ်ဖို့ ၀ိုင်းဝန်းတားဆီးကြရမှာ ဖြစ်တယ်။ စုပေါင်း ကာကွယ်ကြရမှာ ဖြစ်တယ်။ ဒါ့အပြင် တစ်ချို့ ကူညီထောက်ပံ့မှုတွေမှာ နှောင်ကြိုးမပါဘူး ဆိုသည့်တိုင် ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတာမျိုးတွေ၊ အမြီးနှုတ် ခေါင်းနှုတ်တာတွေ၊ ဖိတ်တစ်ဝက် စင်တစ်ဝက်တွေ၊ ဖြစ်လေ့ရှိကြောင်း၊ ကြိုတင်သိထားကြပြီး တန်းတူရည်တူ ဆက်ဆံသွားကြဖို့ အသိပေး နှိုးဆော်လိုက်ရပါတယ်။

No comments: