Thursday, June 26, 2008

အမှန်တကယ်........... လူသားချင်းစာနာထောက်ထားသည် ဆိုလျှင်

၂၀၀၈ခုနှစ်၊ မေလဆန်းက မြန်မာနိုင်ငံမှာ ကျရောက်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် သဘာဝဘေး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ၀ိဝါဒတွေ ကွဲပြားခဲ့တာတွေ့ရပါတယ်။ အကာအကွယ်ပေးရန်တာဝန်ရှိသည် (Duty to Protect)ဆိုတဲ့စကားကို ကိုးကားပြီး ကာယကံရှင် အစိုးရရဲ့ သဘောတူညီချက်မရလည်း အတင်း အဓမ္မ၀င်ရောက် ကူညီနိုင်သည်ဆိုတဲ့ အယူအဆကို ရှေ့တန်းတင်လာတာ ဖြစ်တယ်။

ဒါပေမယ့် နိုင်ငံအများစုကတော့ သဘာဝဘေးအန္တရာယ်ရဲ့ ပမာဏနဲ့ ပြည်ပအကူအညီလက်ခံမှု အတိုင်းအဆကို ကာယကံရှင်နိုင်ငံကသာ ဆုံးဖြတ်ဆောင်ရွက်နိုင်တယ်လို့ ယူဆကြပါတယ်။ အဲ့ဒီလို အယူအဆနှစ်ရပ် အားပြိုင်လာတာဟာ ယနေ့ကမ္ဘာပေါ်မှာ ထားရှိတဲ့ အင်အားကြီးနိုင်ငံအချို့ရဲ့ တရားမျှတမှုမရှိတဲ့ လိုတစ်မျိုး၊ မလိုတစ်မျိုး လျှာနှစ်ခွ မူဝါဒကနေ မြစ်ဖျားခံလာလို့ပဲ ဖြစ်တယ်။ အစကတည်းက နိုင်ငံအချင်းချင်း မိတ်ဆက်မပျက်ချစ်ကြည်ရင်းနှီးစွာဆက်ဆံပြီး နိုင်ငံကြီးငယ်မဟူ တစ်ဦးရဲ့အချုပ်အခြာ အာဏာကို တစ်ဦးက လေးစားမယ်၊ သူတစ်ပါးရဲ့ ပြည်တွင်းရေးမှာ ဘက်လိုက်မှု ကင်းကင်းနဲ့ သမာသမတ်ရှိရှိ ရပ်တည်ပေးခဲ့မယ်ဆိုရင် အခုလို လူသားချင်းစာနာမှု အကူအညီပေးရေးမှာ ၀ိဝါဒကွဲပြားစရာ ရှိလာမှာ မဟုတ်ပါဘူး။

နိုင်ငံတော်အစိုးရကတော့ နိုင်ငံတကာ အကူအညီများကို ငြင်းဆန်ခြင်း၊ ဒါမှမဟုတ် ရွေးချယ်လက်ခံခြင်းများ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ပေါက်ခဲ့ခြင်းဟာ လုံးဝမှန်ကန်မှု မရှိကြောင်း၊ လူသားချင်းစာနာ ထောက်ခားတဲ့ အကူအညီကို နိုင်ငံရေးအရ ဖိအားပေးမှုနဲ့ မဆက်နွယ်စေသင့်ကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အာဆီယံအဖွဲ့မှ တာဝန်ရှိသူများ၊ အာရှနိုင်ငံများမှ တာဝန်ရှိသူများ၊ INGO နဲ့ NGO အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ရှေ့မှောက်မှာ အတိအလင်း တရားဝင်ပြောကြားထားပြီး ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတော်အစိုးရလုပ်သမျှ ဆန့်ကျင်အပုပ်ချနေတဲ့ NLDရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ်မှာ တစ်သမတ်တည်းမဟုတ်ဘဲ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး မရိုးသားတဲ့လုပ်ရပ်ကို ပြန်လည် ဆက်စပ်ပြီး စဉ်းစားသုံးသပ်နိုင်ဖို့ ဖော်ပြလိုပါတယ်။ မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ဟာ ဘယ်အခေတ်အခါမှာ မဆို နိုင်ငံတကာရာရဲ့ နှောင်ကြိုးမဲအကူအညီတွေကို လက်ခံခဲ့တာ အားလုံးအသိပါ။ လူသားချင်း စာနာထောက်ထားမှု အကူအညီဆိုတာကိုတော့ ထည့်ပြောဖို့တောင် မလိုအပ်ခဲ့ပါဘူး။

ဒါပေမယ့် ၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့မှာ တပ်မတော်က တိုင်းပြည်ပျက်လုမခန်း ဖြစ်နေတဲ့ အခြေအနေကို ၀င်ထိန်းပြီး နိုင်ငံတော် တာဝန်ကို မလွှဲမရှောင်သာ ယူခဲ့ရတာ အားလုံးအသိပါ။ အဲ့ဒီအချိန်တုန်းက ဆူပူအကြမ်းဖက်သောင်းကျန်းမှုတွေကြောင့် တိုင်းပြည်ဟာ ပြာပုံအဖြစ်ရုံသာပဲ ရှိပါတော့တယ်။ အခုနာဂစ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာထက် အဆပေါင်းများစွ ယိုယွင်းပျက်စီး နေခဲ့တာပါ။ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက်ဟာ အလွန်အမင်းကို ဆိုရလောက်ပါတယ်။

နိုင်ငံအတော်များများကလည်း ကူညီချင်ခဲ့ကြပါတယ်။ အရင်ကလည်း ကူညီလက်ခံခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ အကူအညီပေးရေး ပွင့်လန်းနေတဲ့ လမ်းကြောင်းတွေဟာ NLDနဲ့ ဒေါ်စုကြည်တို့ကြောင့် လမ်းစပျောက်ခဲ့ရတာ ဖြစ်ပါတယ်။ NLDနဲ့ ဒေါ်စုကြည်ဟာ ၄င်းတို့ အာဏာကို ဖြတ်လမ်းမှ ရရှိရေးအတွက် မြန်မာနိုင်ငံအစိုးရကို ၀ိုင်းပယ်ဖို့၊ အထီးကျန်အောင်လုပ်ဖို့ စီးပွားရေးပိတ်ဆို့အရေးယူရုံသာ မကဘဲ လူသားချင်းစာနထောက်ထားမှု အကူအညီတွေကိုပါ ဖြတ်တောက်ဖို့ လှုံ့ဆော်တောင်းဆိုခဲ့တာ ရပ်သိ ရွာသိ ကမ္ဘာသိပါ။

၁၄-၇-၁၉၉၅ ရက်နေ့က ဒေါ်စုကြည်ရဲ့ အိမ်ခြံဝင်းအတွင်း ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ မူလတန်းကျောင်း (၄၅၀)ဆောက်လုပ်ပေးမယ့် ဂျပန် ODA ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး ကူညီထောက်ပံ့မှုကို အလောသုံးဆယ်လုပ်ဖို့ မလိုကြောင်း၊ ဆန္ဒမစောဘဲ စောင့်ကြည့်သင့်ကြောင်း ဟန့်တား ပိတ်ပင်ခဲ့တဲ့အတွက် ကူညီထောက်ပံ့မယ့် အစီအစဉ်တွေ ရေစုန်မျှောခဲ့ရပါတယ်။

၂၀၀၀ ပြည့်နှစ် နှစ်သစ်ကူးကာလမှာ ဟောင်ကောင်ကို ခိုးထုတ်သွားတဲ့ ဒေါ်စုကြည်ရဲ့ နှစ်သစ်ကူးသ၀ဏ်လွှာ ဖတ်ကြားတဲ့ ဗီဒီယိုအခွေထဲမှာ ဒေါ်စုကြည်က မြန်မာနိုင်ငံအပေါ် ပြည်ပမှ ဆက်လက်အရေးယူပိတ်ဆို့ ဖိအားပေးဖို့ တောင်းဆိုထားပြီး ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှပ်နှံဖို့ အစီအစဉ် လုပ်ဆောင်နေမှုတွေ ရပ်ပစ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီပေးမယ့် အစီအစဉ်တွေကိုပါ ရပ်ဆိုင်းဖို့ ဂျပန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့က မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုတွေ မဖြစ်စလောက်ပဲ လုပ်ခဲ့တာလည်း NLDနဲ့ ဒေါ်စုကြည်ရဲ့ စနက်ကြောင့်ဆိုတာ သက်သေအထောက်အထားတွေ အထင်အရှား ရှိနေပါတယ်။ နှစ်ပေါင်း ၁၉-နှစ်ကျော်ကာလတစ်လျှောက်လုံး အခြားနိုင်ငံများနည်းတူ ကူညီထောက်ပံ့မှုတွေ ထိုက်ထိုက်တန်တန် မရခဲ့တာဟာ NLDနဲ့ ဒေါ်စုကြည်တို့ရဲ့ စနက်ကြောင့်ဖြစ်ကြောင်း ဓမ္မဒိဋ္ဌာန်ကျသူတိုင်း သိထားပြီင်္းဖြစ်ပါတယ်။

အခုနာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကျရောက်မှုနဲ့ကြုံမှ NLDက ချော်လဲရောထိုင်လုပ်ပြီး နိုင်ငံတော်အစိုးရက နိုင်ငံတကာရဲ့ အကူအညီကို ခွဲခြားလက်ခံနေတယ်၊ လက်ခံဖို့ တုန့်ဆိုင်းနေတယ်လို့ ပြောနေတာဟာ သူခိုးက လူကို ဟစ်နေတာပါ။

ဘယ်လိုပဲ ဟစ်နေပါစေ ဖွတ်ကြီးကလည်း ထွက်သွားပါပြီင်္။ တောင်ပို့ကြီးမှန်းလည်း အားလုံးက သိထားပြီးပါပြီ။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးသင့်တယ်။ လက်ခံသင့်တယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေအပေါ် အရေယူမှုတွေ မလုပ်သင့်ပါဘူး။ ဒါလဲ လူထုအကျိုစီးပွားပဲ မဟုတ်ပါလား။

No comments: