Tuesday, June 17, 2008

ကိုယ်ချင်းစာ နာခဲ့ရသည်.....

မြန်မာနိုင်ငံရဲ့ သဘာဝဘေးကယ်ဆယ်ကူညီစောင့်ရှောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်ပသတင်းဌာနအချို့နဲ့ ပြည်ပြေးအုပ်စုတွေက ၀ိုင်းပြီး ဆရာကြီးလုပ်နေတာ များလွန်းနေပါပြီ။ Disaster Management စာစောင်ထဲမှာပါတဲ့ ခေါင်းစဉ်တွေကို တစ်နေ့တစ်မျိုးထုတ်နုတ်ပြီး ပြဿနာ ရှာနေသလားလို့တောင် ထင်ရပါတယ်။

ခုလိုအမျိုးသားအဆင့် သဘာဝဘေးကျရောက်မှုမျိုး မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ အဲ့ဒီလို အတွေ့အကြုံမျိုး မရှိဘူးလို့လည်း ကြိုတင်ပြောကြားထားတာ အားလုံးအသိပါ။ အတွေ့အကြုံ မရှိပေမယ့် နိုင်ငံတော်အစိုးရဟာ အငိုက်မမိခဲ့ပါဘူး။ တုန့်ပြန်ဆောင်ရွက်မှုတွေကို အစီအစဉ်တကျ အချိန်နောက်အကျဘဲ လုပ်နိုင်ခဲ့တာ တွေ့ရှိနိုင်ပါတယ်။ တာဝန် ၀တ္တရားတွေသာကမ စေတနာအပြည့်အ၀နဲ့ ဆောင်ရွက်ခဲ့တာပါ။

ဒါဟာအရေးကြုံရင် ပြည်သူ့ရှေ့မှ မားမားရပ်တည်လေ့ရှိတဲ့ တပ်မတော်ရဲ့ အစဉ်အလာကောင်းကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုကို အမြဲအလုပ်အကျွေးပြုရမယ်ဆိုတဲ့ တပ်မတော်ရဲ့ ခံယူချက်ကြောင့်လည်း ဖြစ်ပါတယ်။ တပ်မတော်လို့ဆိုလိုက်တာနဲ့ ထိပ်ဆုံး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှသည် အဆင့်ဆင့်သော အရာရှိ၊အရာခံ၊ အကြပ်၊တပ်သားအားလုံး အကျုံးဝင်ပါတယ်။ တပ်မတော်သားဟူသမျှဟာ နိုင်ငံတော်၊ နိုင်ငံသားနဲ့ တပ်မတော် အသက်စွန့်လွှတ်ဖို့ အဓိဋ္ဌာန်ပြုထားသူတွေ ဖြစ်ပါတယ်။

ယနေ့နိုင်ငံတော် တာဝန်ယူထားရတဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ ၁၉၄၈ခုနှစ်က စခဲ့တဲ့ ပြည်တွင်း သောင်းကျန်းမှု အန္တရာယ်ကို ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေးတွေ၊ ကူမင်တန်ကျူးကျော်မှုကို တွန်းလှန်တိုင်ထုတ်ခဲ့တဲ့ စစ်ဆင်ရေးတွေ၊ အချုပ်အခြာ အာဏာကို စိန်းသိမ်းစောင့်ရှောက်ဖို့ ဆင်နွဲခဲ့တဲ့ စစ်ဆင်ရေးတွေ၊ အဲ့ဒီလို စစ်ဆင်ရေးပြီး စစ်ဆင်ရေး ခဲ့ရတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ သက်စွန့်ကြိုးပမ်း အောင်ပန်းဆင်နိုင်တဲ့အထိ ကိုယ်တိုင်ကိုယ်ကျ အဆင့်ဆင့်သော ရာထူး ဌာနန္တရတွေနဲ့ ထမ်းဆောင်လာခဲ့သူတွေပါ။ တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်းတိုက် ဆောင်ပုဒ်ကို ယုံကြည်လက်ခံပြီး လက်တွေ့ ကျင့်သုံးခဲ့သူတွေပါ။ ပြည်သူ့အကျိုးစီးပွားကို အစဉ်ဦးထိပ်ပန်ဆင် သယ်ပိုးနေသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံနဲ့ ပြည်သူလူထုအတွက်ဆိုရင် ခန္ဓာနဲ့အသက်ကို မငဲ့ကွက်ဘဲ အချိန်မရွေး၊ နေရာမရွေး ယနေ့ထက်တိုင် လှည့်လည်သွားလာ ကြည့်ရှု့စစ်ဆေးပြီး လိုအပ်ချက်မကျန်ရအောင် ဖြည့်ဆည်းစီမံပေးနေတာကို တွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှ အကြီးအကဲတွေ၊ တာဝန်ရှိသူတွေ တစ်နိုင်ငံလုံး အရှေ့အနောက် တောင်မြောက် မကျန်ရအောင် ကွင်းဆင်းပြီး အလုပ်လုပ်ပုံမျိုး ဘယ်နိုင်ငံမှာမှ တွေ့ကြရမှာ မဟုတ်ပါဘူး။ မြန်မာခေါင်းဆောင်တွေဟာ ရုံးထဲမှာထိုင်ပြီး ချုပ်ကိုင်နေသူတွေ မဟုတ်ပါဘူး။ ပြည်သူတွေ၊ ၀န်ထမ်းတွေ၊ တပ်မတော်သားတွေနဲ့အတူ အောက်ခြေအထိဆင်းပြီး လက်တွဲအားထုတ် အလုပ်လုပ်နေသူတွေ ဆိုတာ သုံးသပ်တွေ့ရှိနိုင်ပါတယ်။

No comments: