Thursday, June 26, 2008

လူထုဟာ.......... ဘဲတွေမဟုတ်ပါ..........

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မဆိုင်တဲ့အပေါက်က ဂလိုင်နဲ့ခေါင်ချင်သူတွေ၊ မဆီ မဆိုင် လက်ပံသားဓါးနဲ့ချိုင်ချင် သူတွေ၊ မစားရတဲ့အမဲ သဲနဲ့ပက်ချင်သူတွေ၊ အခုတစ်လော တစ်ကျိတ်တည်း တစ်ဥာဏ်တည်း လက်ဝါးချင်းရိုက်ပြီး ထကြွ သောင်းကျန်းလာတာကို အထူးသတိပြုကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

အထူးသဖြင့် ပြည်ပ ပုဆိန်ရိုးတွေ ဦးဆောင်လှုံ့ဆော်လာသလို အမေရိကန်က ဒီမိုကရက်သမ္မတလောင်း အိုဘားမားရဲ့ မိန်းမကလည်း ဗီယက်နမ်မှာ မဲဆွယ်တာ ရိုးရိုးမဆွယ်ဘဲ မြန်မာနိုင်ငံကို ခုတုံးလုပ် အသုံးချသွားတာ တွေ့ရပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ် အသစ်ကလည်း တစ်စခန်းထလာသလို ILO ကလည်း သခွတ်ပင်က မီးတကျည်ကျည် လုပ်နေလေရဲ့။

ပြောရရင်တော့ ဆန့်ကျင်ဘက်အုပ်စုပေါင်းစုနဲ့ နယ်ချဲ့လက်ကိုင်တုတ် ပြည်ပအသံလွှင့်ဌာနတွေ၊ သူတို့ တစ်လျှောက်လုံး သုံးလာတဲ့ နည်းဗျူဟာအတိုင်း လုပ်လာတာပါပဲ။ သူတို့ ဘာပြောမလဲလို့ နားစွင့် နားထောင်နေတဲ့ ဖောက်သည်အုပ်စုအတွင်း လှုံ့ဆော် နားသွင်းရတာပဲဖြစ်တယ်။ အခါတော်ပေးနေတာပဲ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် အရေးအခင်းကာလတုန်းက BBC က လူထုအုံကြွရမယ့်နေ့ကို ၈-၈-၈၈ (ရှစ်လေးလုံးနေ့)လို့ အခါတော်ပေးတဲ့ ပုံစံအတိုင်း လုပ်နေကြတာပါပဲ။

ဆန့်ကျင်ဘက်အုပ်စုတွေ အဓိကထားပြောနေတာက အခုဆိုရင် ပြည်ပမှ ဖိအားတွေ ၀ိုင်းပေးနေကြတယ်၊ အဲ့ဒီလိုအချိန်မှာ ပြည်တွင်းမှလည်း အချိန်ကိုက် လှုပ်ရှားကြရမယ်။ ဆူပူအုံကြွမှုလုပ်ရာမှာ သွေးချောင်းစီးမှု အနည်းနဲ့အများတော့ ရှိမှာပဲ။ ဒီလောက်တော့ရင်းနှီးပေးဆပ်ရမယ်။ ပြည်သူလူထု (အမှန်ကတော့ ၄င်းတို့ လူနည်းစု ဆန့်ကျင်ဘက်အဖျက်သမားအုပ်စု)အနေနဲ့ အုံကြွပေါက်ကွဲဖို့ အဆင်သင့် ဖြစ်လာနေပြီ စသည်ဖြင့် သွေထိုးလှုံ့ဆော်နေကြတာ ဖြစ်ပါတယ်။

ပြည်ပြေးမိုးသီးဇွန်က ပြောထားတယ် မဟုတ်လား။ ပြည်သူတွေဆိုတာ ဘဲတွေလိုပဲ။ ရှေ့ကဦးဆောင်တဲ့ ဘဲနောက်ကို ဘဲအုပ်စုက နောက်ကနေလိုက်လာကြမှာပဲတဲ့။ ဒါဟာ ပြည်သူလူထုကို ခုတုံးလုပ် အသုံးချပြီး ဆန့်ကျင်ဘက်အုပ်စု ဖြတ်လမ်းမှ အာဏာရရှိရေးအတွက် စတေးမယ့်လုပ်ရပ်နဲ့ အကြံအစည်ပဲ ဖြစ်တယ်။ မြန်မာကွန်မြူနစ်တွေရဲ့ အစွန်းရောက်အယူအဆတွေ ခုအချိန်ထိ သူတို့ဆီမှာ ရှိနေသေးတာ အံ့သြစရာပါပဲ။ ဆူပူအုံကြွအကြမ်းဖက်မှု မပါဘဲ ၊ နိုင်ငံရေး မလုပ်တတ်ဘဲ လူတွင်ကျယ် ဗကပ အမာခံတွေ နိုင်ငံရေး သမားအရေခြုံထားတာကို သတိထားကြဖို့ လိုအပ်နေပါပြီ။

ဒါကြောင့် ပြည်သူလူထုကို အထင်သေး အမြင်သေးနဲ့ အမြဲတမ်း စတေးဖို့ဝန်မလေးတဲ့ ပြည်တွင်းပြည်ပ အဖျက်သမားတွေရဲ့ မနုဿထောင်ချောက်ထဲ အရောက်မခံဘဲ လက်ရှိလျှောက်လှမ်းနေတဲ့ လမ်းမှန်အတိုင်း ဖြောင့်ဖြောင့်တန်း ရှေ့ဆက်လှမ်းကြပါစို့။ နိုင်ငံရေး ၀င်္ကပါထဲမှာ မျက်စိလည် လမ်းမမှားဘဲ ပေါ်ထွန်းနေတဲ့ လမ်းစအတိုင်း မမှိတ် မသုန် ချီတက်ကြပါစို့လို့ တိုက်တွန်း ဆော်သြလိုက်ရပါတယ်။

No comments: