Saturday, June 7, 2008

ချစ်စကို ရှည်စေလို

အခုတစ်လော မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့ ပြည်တွင်းပြည်ပ အုပ်စုတွေကြားမှာ သိပ်ပြီးခံတွင်းတွေ့နေတဲ့ စွပ်စွဲချက်တစ်ခုရှိနေပြန်တာ တွေ့ရတယ်။ ဘာတဲ့။ လူသားတွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှု ဆိုလားပဲ။ မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်ဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့။ ရည်ညွှန်းကိုးကားတတ်လိုက်တာကလည်း လွန်ပါရော။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဘားနတ်ကုချနာကိုးကားတဲ့ ၂၀၀၅ခုနှစ်ကုလသမဂ္ဂရဲ့ '' responsibility to protect" ဆိုတာဟာ အခုမြန်မာနိုင်ငံရဲ့ လေဘေးကယ်ဆယ်ရေးကိစ္စနဲ့ အ၀ိုင်းနဲ့ လေးထောင့်လို မအပ်စပ်မှန်း သိသိကြီးနဲ့ အတင်းဆွဲစေ့ဖို့ စပြီးလုပ်ခဲ့တယ်။

ဒါဟာ ၂၀၀၆ခုနှစ်၊ စက်တင်ဘာလ "မြန်မာနိုင်ငံ၏ လုပ်ရပ်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည်"လို့ အဆိုင်တင်သွင်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးမယ့် အစီအစဉ်မှာ ထည့်သွင်းဖို့ ၀ိုင်းပြီး လုပ်ကြံတဲ့ လုပ်ရပ်ထက် ဘာမှမပိုဘူး။ မြန်မာနိုင်ငံမှ လေဘေးသင့် ပြည်သူတွေကို ကယ်ဆယ်ကူညီချင်လို့ဆိုတဲ့ စကားဟာ လူကြားကောင်းအောင်၊ အကြောင်းပြစရာရအောင် ဟန်ဆောင်ပြောကြားတဲ့ စကားလို့ပဲ သုံးသပ်ရမှာဖြစ်တယ်။

နေ့စဉ်နဲ့အမျှ ပြည်ပမှ သဘာဝဘေးကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ NGOနဲ့ NGO အဖွဲ့တွေ လေဘေးသင့်ရာ ဒေသကို ဥဒဟိုထွက်သွားလာနေတာ ၊ အမေရိကန်မှ လေယာဉ် အခေါက် ၁၀၀ တိတိနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေဝင်ပို့ ပေးနိုင်နေတဲ့ကြားက နိုင်ငံတကာအကူအညီတွေကို လက်ခံဖို့ နှောင်းနှေးနေတယ်၊ လှစ်လျူရှုနေတယ်ဆိုတဲ့ ပုတ်ခတ်မှုတွေနဲ့ စွဲချက်တင်လို့ကောင်းနေတုန်းပါပဲလား။

မည်သူမဆို ဘယ်နေရာကိုဖြစ်ဖြစ် တံခါးမရှိ၊ ဓါးမရှိ သွားရောက်လှူဒါန်းနိုင်ပါတယ်။ ရေများရာ မိုးရွာတာမျိုး၊ ငါးကွက်ရာ ငါးစာချတာမျိုး မဖြစ်အောင် စနစ်တကျ လှူဒါန်းကူညီသင့်တယ်။ လိုအပ်ရင် သက်ဆိုင်ရာ ကော်မတီတွေ၊ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆက်သွယ် ဆောင်ရွက်သင့်တယ်လို့ ကမ္ဘာသိကြေငြာထားသလို နေ့စဉ်နှင့်အမျှလည်း သတင်းမြင်ကွင်းတွေ ထုတ်ပြန်အသိပေးတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ မပြီးဆုံးသေးဘူး၊ ဒုက္ခသည်သုံးယောက်ထဲမှာ တစ်ယောက်ပဲ အကူအညီရသေးတယ်၊ နောက်ထပ် ခြောက်လအထိ ကယ်ဆယ်ရေးလုပ်ရဦးမယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုပြီး ကယ်ဆယ်ရေးတွေ လုပ်ချင်သပဆိုရင်လည်း ဘယ်သူကမှ မတားဆီး၊ မပိတ်ပင်ပါဘူး။ ဘာပစ္စည်ကိုမှ လက်ခံမယ်၊ ချောကလက်ဆိုရင်တော့ လက်မခံဘူးလို့ ဘယ်သူကမှ မပြောပါဘူး။ အတိအလင်းပြောထားကတော့ နိုင်ငံရေးမပါတဲ့ လူမှုရေးအကူအညီမှန်သမျှ လက်ခံမယ်၊ နှောင်ကြိုးမဲ့ ကူညီထောက်ပံ့မှုတိုင်းကို ကြိုဆိုတယ်၊ ကယ်ဆယ်ရေးပစ္စည်းတွေကို ပေးပို့ရာမှာ အရပ်ဘက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ရေယာဉ်တွေနဲ့သာပို့ဆောင်ပေးနိုင်တယ်လို့သာ ရှင်းရှင်းလင်းလင်း ပြောထားတာ တွေ့ရှိနိုင်ပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၃-၅-၂၀၀၈ရက်၊ ညနေပိုင်းမှာ VOAက သီတဂူဆရာတော်ကြီးထံ ဆက်သွယ်လျှောက်ထားမေးမြန်းခဲ့တာ ကြားမိလိုက်ကြမှာပါ။ ဆရာတော်ကြီးက ''နိုင်ငံတော်အစိုးရအနေနဲ့ကတော့ သူတို့ဘက်က ဘက်စုံကြည့်ရမယ့်အနေအထား ရှိမှာပါ။ အဲ့ဒါကြောင့်မို့ သူတို့ဘက်ကတော့ ကန့်သတ်တွေ ရိှမှာပါ။ ကန့်သတ်ချက်တွေ လိုအပ်ပါလိမ့်မယ်။ နိုင်ငံတော်ကတော့ "လို့ မိန့်ကြားသွားပါတယ်။

ဒါဟာပညာရှိ သူတော်ကောင်း၊ သူမြတ်လောင်းတွေရဲ့ ယထာဘူတ ကျတဲ့ အမြင်ပါ။ အနောက်အုပ်စုနဲ့ အပေါင်းအပါတွေရဲ့ အမြင်ကတော့ ဒီလိုမဟုတ်ပါဘူး။ ပြင်သစ်နိုင်ငံက လုံခြုံရေးကောင်စီ ဟာဂျင်ဒါမှာ ထည့်သွင်းဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် တရားနည်းလမ်းမကျလို့ မအောင်မြင်ခဲ့ဘူး။ NLDတို့၊ CRPPတို့၊ NCGUB တို့ကတော့ ဘာပြောကောင်းမလဲ။ လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုတာနဲ့ ၀င်ရောက်စွက်ဖက်ဖို့အထိ ငရဲမှလာသူ ပြာပူမကြောက် ကြိုဆိုထောက်ခံကြိုဆိုနေတာ တွေ့ရတယ်။

ဥရောပသမဂ္ဂ ဥပဒေအရာရှိတွေ၊ အမေရိကန်လွှတ်တော်အမတ်တွေကအစ ၀န်ကြီးတွေနဲ့ သမ္မတအဆုံး စကားလုံးတွေ၊ ဆုံးဖြတ်ချက်တွေ တောင်းဆိုချက်တွေနဲ့ ကမ္ဘာကို နားသွင်းဖို့ လုပ်နေကြတာဟာ တိုက်ဆိုင်မှုတော့ မဟုတ်နိုင်ဘူး။ အစီအစဉ်တကျ အကွက်ချတဲ့ ပုံစံထဲ ၀င်မှန်းမသိဝင်လာတာကို စောင့်ကြည့်လေ့လာနေသူတိုင်း မြင်မိကြမှာပါ။ အခုဆို လုံခြုံရေးကောင်စီမှာ အမေရိကန်က အလှည့်ကျ သဘာပတိဖြစ်လာပြီမို့ ကိုယ့်ဖဲကိုယ်ချိုးဦးမှာ မြင်ယောင်နေပါတယ်။ မုန်တိုင်းတစ်ခုအရင်းပြုကြဦးမှာပါ။

အခု မြန်မာနိုင်ငံရဲ့ သဘာဝဘေးကျရောက်မှုအရေးမှာ အမေရိကန်ရေတပ် သင်္ဘောအုပ်စု ချဉ်းနင်းရောက်ရှိ လာတာဟာ ရမ်ဘိုလို Hero လုပ်ပြချင်တာကြောင့်လို့ ထင်မြင်ယူဆမိပါတယ်။ ဒုက္ခသည်တွေကို ကယ်ဆယ်ချင်တာ သက်သက်ပါလို့အကြောင်းပြရင်တော့ မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းကို ၁၇-၅-၂၀၀၈ ရက်နေ့က ဘာကြောင့် တစ်နှစ်ထပ်တိုးတာလဲလို့ မေးခွန်းရမှာ ဖြစ်တယ်။ ၅၇သန်းကျော်တဲ့ မြန်မာပြည်သူတစ်ရပ်လုံးဟာ အမေရိကန်နဲ့ အပေါင်းအပါတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် အနည်းနဲ့အများ ဒုက္ခရောက်နေတာဟာ မြန်မာပြည်သူတွေရဲ့ အမြင်မှာ ကျဆင်းနေတဲ့ အမေရိကန်ရဲ့ ပုံရိပ် (Image) ကို ပြန်ပြီး အရောင်တင်ချင်လို့လား ။

ဒါမှမဟုတ်ရင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီးမှာ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ နယ်ချဲ့အင်္ဂလိပ်ရဲ့ စစ်သင်္ဘောတွေကို မမြင်ဖူးလို့ ၀ိုင်းကြည့်ကြတဲ့ ပရိတ်သတ်ရှေ့မှာ ဟန်ရေးပြခဲ့တဲ့ နယ်ချဲ့တွေလို ဟန်ရေးပြချင်လို့လား။

အကောင်းဆုံးကတော့ ပိတ်ဆို့မှုနဲ့ ကူညီမှုကို မီးစ တစ်ဖက်၊ ရေမှုတ် တစ်ဖက်လုပ်မနေဘဲ ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းလိုက်မှသာ ချစ်စကို ရှည်အောင်လုပ်ရာရောက်မှာ ဖြစ်တယ်။

No comments: