Saturday, June 21, 2008

သူတို့နှင့်ကျမှ..................... တိုက်တိုက်ဆိုင်ဆိုင်

၁၉၈၈ ခုနှစ်၊ အရေးအခင်းဖြစ်ပွားစဉ် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ကြယ်ငါးပွင့် ကော်ပိုရေးရှင်းပိုင် အင်းဝသင်္ဘောသည် စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၉)နာရီတွင် ရန်ကုန်မြို့ တောင်ဘက် ၊ ရေမိုင်(၁၉၀)ခန့်အကွာတွင် အမေရိန်ကန်ရေတပ်သင်္ဘောအုပ်စု ရောက်ရှိနေသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့သည်။

ယင်းသင်္ဘောအုပ်စုတွင် တစ်စင်းမှာ လေယာဉ်တင် သင်္ဘောကြီးဖြစ်ပြီး လေယာဉ်နှင့် ရဟတ်ယာဉ်များ ပါရှိသည်။ ကျန်သင်္ဘော လေးစင်းအနက် တစ်စင်းမှာ ရေယာဉ်ငယ်နှစ်စင်းကို ရေချပေးနေခြင်းဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာက အမေရိကန်သံရုံးအား တွေ့ဆုံမေးမြန်းရာ အံ့သြစွာ ဟုတ်မှန်ကြောင်း၊ မြန်မာနိုင်ငံတွင် အခြေအနေပိုရှုပ်ထွေးလာပါက သံရုံးမိသားစုနှင့် အမေရိကန်နိုင်ငံသားများအား ကယ်ထုတ်နိုင်ရန်အတွက် ဖြစ်ကြောင်း ၀န်ခံခဲ့သည်။ သို့ရာတွင် သံရုံးမိသားစု အပါအ၀င် နိုင်ငံခြားသား (၂၆၇)ဦးသည် စက်တင်ဘာလ (၁၁)ရက်နေ့ကတည်းကပင် စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာသွားနှင့်ပြီဖြစ်သည်။ ကယ်ဆယ်ရန် မလိုတော့ချိန်တွင် ကယ်ဆယ်ရန်အတွက်ဟု အကြောင်းပြ ချဉ်းကပ်လာခြင်းသည် ဘာကြောင့်ပါနည်း ။

၂၀၀၈ ခုနှစ်၊ မေလ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် အမေရိကန်စစ်သင်္ဘော US SS နှင့် အခြား စစ်သင်္ဘော သုံးစင်း မြန်မာ့ရေပိုင်နက်အနီးသို့ ချဉ်းကပ်လာပြန်သည်။ နောက်ပိုင်း၌ ပြင်သစ် စစ်သင်္ဘောတစ်စင်းနှင့် ဗြိတိန်စစ်သင်္ဘောတစ်စင်းတို့လည်း ရောက်ရှိလာသည်။ ၄င်းတို့က လေဘေးသင့်သူများအား ကယ်ဆယ်ကူညီရန်ဟု အကြောင်းပြသည်။ အခြား တစ်ဖက်၌လည်း ပြည်ပအသံလွှင့်ဌာနနှင့် မီဒီယာအချို့က နိုင်ငံတကာအကူအညီကို လက်မခံပါက အတင်း အဓမ္မ ၀င်ရောက်သင့်သည်ဆိုသည့် လမ်းကြောင်းကို ပုံဖော်လာခဲ့သည်။ လုံခြုံရေးကောင်စီကို တင်သွင်းသည် အထိ ဖြစ်ခဲ့သည်။ နည်းမှန်၊ လမ်းမှန် သဘောရိုးဧကန် မဟုတ်၍ သမာသမတ်ကျသော နိုင်ငံအများစုက ထိုအဆိုပြုချက်ကို လက်သင့် မခံခဲ့ပေ။ ယခုကဲ့သို့ ကယ်ဆယ်ရန်အတွက်ဟု အကြောင်းပြပြီး အဓမ္မ၀င်ရောက်ရန်အထိ ချဉ်းကပ်လာခြင်းသည် အဘယ်ကြောင့် ဖြစ်မည်ထင်ပါသနည်း ။

သမိုင်းဘီးတစ်ပတ်လည်လေ့ရှိသည်ဟု အဆိုရှိပေသည်။ အမေရိကန် စာရေးဆရာမ Hellen Trager ဆိုသူက Burma Through Alien Eyes အမည်ရှိ စာအုပ်ရေးသားပြုစုခဲ့ကြောင်း သိရသည်။ ထိုစာအုပ်တွင် အမေရိကန် သာသနာပြုဆရာအချို့ရော၊ ၄င်းတို့ အရင်ရောက်နေကြသည့် အီတလီ၊ ပြင်သစ် သာသနာပြုများကပါ မြန်မာနှင့် ရန်ဘက်ဖြစ်ပွားနေသည့် အင်္ဂလိပ်ကို ကူညီခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ၌ ယင်းကဲ့သိုက အရေးအခင်းများဖြစ်ပွားနေစဉ် လက်နက်နှင့် စစ်သည်အပြည့်တင်လာသည့် ပြည်ပစစ်သင်္ဘောများ ရုတ်တရက်ပေါ်ပေါက်လာလေ့ရှိပြီး သန်လျင်ဆိပ်ကမ်းသို့ အချိန်မဟုတ်၊ အခါမဟုတ် ဆိုက်ရောက်လာကြောင်း၊ သုတေသနပြု ရေးသားဖော်ပြထားကြောင်း သိရသည်။

ရှင်မဖြူကျွန်းနှင့် ဟိုင်းကြီးကျွန်းသို့ နယ်ချဲ့ဗြိတိသျှတပ်များ ၁၉-ရာစုနှစ်က ကျူးကျော်တပ်စွဲခဲ့၍ မြန်မာ့တပ်မတော်က တွန်းလှန်တိုင်ထုတ်ခဲ့ရသည်။ ဘာကြောင့် ဖြစ်နေပါသနည်။ မျက်စိဖွင့်၍ နားစွင့်ကြပါကုန်၊ မမှိတ်သော မျက်စိ၊ မလပ်သော သတိ ထားရှိကြပါကုန်၊ ပညာမျက်စိဖြင့် ကြည့်မူကြပါကုန်ဟု အသိပေးလိုက်ရပေသည်။

No comments: