Saturday, October 4, 2008

NLD ပါတီ၏ အမှားတော်ပုံများ(၁၅)

၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲကာလ၌ NLD ၏အမတ်လောင်းရွေးချယ်မှု ပုံစံက NLD ဗဟိုနှင့် မြို့နယ်များအစေးမကပ်မှုကိုပြသခဲ့သည်။မူလကပင် NLD ကို နှစ်ပါတီပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲအတွက် မြို့နယ် တစ်နယ်စီတွင်မဲဆန္ဒနယ် နှစ်နယ်စီသတ်မှတ်ထားရာ NLD သန္ဓေက မဲဆန္ဒနယ်တစ်နယ်၊ မျိုးချစ်ရဲဘော်ဟောင်းက တစ်မယ်ဟု NLD ဗဟိုမှာကြားခဲ့သည်။

ယင်းကိစ္စကို NLD သန္ဓေတွေက မကျေနပ်ပေ။ ဗဟိုမှချုပ်ကိုင်မှုစနစ် ကျင့်သုံးသည်ဟု စွပ်စွဲကြသည်။ပါတီအတွင်း၌ NLD သန္ဓေကအများစု ဖြစ်ပြီး မျိုးချစ်ရဲဘော် ဟောင်းက အနည်းစုဖြစ်၍ အချိုးကျခွဲတမ်းချခြင်းသည် တရားမျှတမှု မရှိဟု အငြင်း ပွားခဲ့ကြသည်။ ယင်းသို့ဖြစ်နေသည့် ကြားမှပင် ကိုယ်စားလှယ်လျာထား စာရင်းကို ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့သည်။

စည်းရုံးရေးကိစ္စဆောင်ရွက်ရန်အတွက်လျာထားခံရသော မျိုးချစ်ဟောင်းအဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ မြို့နယ် မဲဆန္ဒနယ်များသို့ သွားရောက်ဆက်သွယ် ကြရသည်။ဇာတိခံ ဒေသခံရွာခံဖြစ်သော မြို့နယ် NLD ရုံးအချို့က ထိုကိုယ်စားလှယ်ကို လက်မခံကြပေ။အချို့မြို့နယ်တွင် လက်မခံရုံမက မြို့နယ်ကော်မရှင်တွင် ကန့်ကွက်ကြ သည်။အချို့ဆိုလျှင် ရန်မူသည်အထိ ဖြစ်ခဲ့သည်။

မျိုးချစ်ရဲဘော်အချို့မှာ မိမိဇာတိမြို့နယ်တွင် ပါတီယှဉ်ပြိုင်ရန်လျာထား ခံရလျက်မှ NLD သန္ဓေတို့၏ တားမြစ်မှုကိုခံခဲ့ကြရသည်။ အချို့မှာလည်း မြို့နယ် ကော်မရှင်တွင် NLD မြို့နယ်စည်းရုံးရေးအဖွဲ့များ၏ကန့်ကွက်မှုကို ချက်ခြင်းထုချေခဲ့ကြ ရသည်။မြို့နယ်ကော်မရှင်များကလည်းစစ်ဆေးပြီး NLD ဗဟို၏လျာထားချက်အတိုင်း အတည်ပြုပေးခဲ့သည်။ထိုအခါ ဦးနင်းပဲ့ထောင်၊ပဲ့နင်းဦးထောင်သောလုပ်ရပ်များကို မြို့နယ် NLD တစ်ချို့က လုပ်လာခဲ့ကြသည်။မျိုးချစ်ရဲဘော်ဟောင်း ကိုယ်စားလှယ်ဟောင်းကို လက်မခံဘဲ သူတို့ကိုယ်စားလှယ်ပါဝင်ယှဉ်ပြိုင်မည်ဟု တင်သွင်းခဲ့ကြပြန်သည်။ထိုအခါ မြို့နယ်ကော်မရှင်က NLD ၏ခါးမောက်သင်္ကေတနှင့် ယှဉ်ပြိုင်၍ မရကြောင်း၊အခြားပါတီ သင်္ကေတနှင့် ယှဉ်ပြိုင်နိုင်ကြောင်း ဥပဒေနှင့် အညီ ခွင့်ပြုပေးခဲ့သည်။ထိုအခါ NLD မှ ကိုယ်စားလှယ်များသည်ပင် မြို့နယ်အချို့၌ လွယ်အိတ်၊ကတ်ကြေးသင်္ကေတများဖြင့် ၀င်ပြိုင်ခဲ့ကြသည်။ယင်းမဲဆန္ဒနယ်များ၌ NLD မှ ကိုယ်စားလှယ်သုံးဦးအထိ ၀င်ပြိုင်သည့် သဘောဖြစ်ပေသည်။

၎င်းဖြစ်ရပ်များက မြို့နယ် NLD များက NLD ဗဟိုကို မယုံသည့် သဘောပြနေသည်။မြို့နယ် NLD များက မျိုးချစ်ရဲဘော်ဟောင်းများအပေါ် မကျေနပ်မှုကို ပြနေခြင်းပင်ဖြစ်သည်။ ဤသို့ရွေးကောက်ပွဲခွဲတမ်းအတွက် အချင်းချင်းခွက်စောင်းခုတ်မှုများ ရှိသည်ဟုဆိုရလောက်အောင်ပြဿနာပေါင်းစုံ တတ်ခဲ့သည်။ ထိုမျှမကပဲ မျောက်ပြ ဆန်တောင်းသော လုပ်ရပ်နှင့် မဲဆန္ဒနယ်အချို့ကို ငွေကြေးဖြင့် ရောင်းစားခဲ့သည့် လုပ်ရပ်များကိုလည်း NLD ၏ အမှားတော်ပုံများတွင် တွေ့မြင်ရပါလိမ့်ဦးမည်။

No comments: