Saturday, October 4, 2008

NLD ပါတီ၏အမှားတော်ပုံများ(၈)

NLDသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေအရဖွဲ့စည်းပုံနှင့် တကွ တရားဝင် တင်ပြ၍ ဖွဲ့စည်းခွင့်ရထားသော ပါတီဖြစ်သည်။ သို့ရာတွင် မြေနီကုန်းအရေးအခင်း နှစ်ပတ်လည်နေ့ဆိုပြီး ဒေါ်စုကြည် ထင်ရာထလုပ်လိုက်ခြင်းသည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဆုံးဖြတ်ချက် မရယူပဲ လုပ်ခြင်းဖြစ်၍ ပါတီစည်းကမ်းအရ အရေးယူ သင့်သည့် ကိစ္စမျိုးဖြစ်သည်။ သို့ရာတွင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် အရုပ်များသာ ဖြစ်သည်။ ရုပ်ပြမျှသာ ဖြစ်နေပေသည်။

၎င်းအဖွဲ့ဝင်အများစုသည် အသက်လည်းကြီးပြီး နိုင်ငံရေးအရ ထင်ပေါ်မှုမရှိ ဖြစ်နေချိန်တွင် အရေးအခင်းနှင့်ကြုံ၍ နေရာရလာချိန်ဖြစ်သည်။ ထို့ကြောင့် ဒေါ်စုကြည်၏ အငြိုအငြင်ကို မခံရဲကြပေ။ ဒေါ်စုကြည်ငြိုငြင်ပါက ဦးအောင်ကြီးနှင့်အုပ်စုလို ပထုတ်ခံရမည်ကို စိုးရွံ့နေခဲ့ကြသည်။ ထို့ကြောင့် အပြစ်တင်စကား ပြောသည်ကိုပင် လေပြေထိုးပြီး ပြောခဲ့ကြရသည်။ ထို့ကြောင့် NLD CEC အား ယခုပြည်ပြေး ဖြစ်နေသူ မိုးသီးဇွန်က ကျောင်းထိုင်ဘုန်းကြီးမသိပဲ ဘာမှမလုပ်ရဲ မကိုင်ရဲ မဆုံးဖြတ်ရဲသော ကပ္ပိယနှင့် တူနေပြီဟု ဝေဖန်သုံးသပ်ခဲ့သည်။

မိုးသီးဇွန်က ၁၀.၂.၁၉၈၉တွင် "အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုနှင့် ဒေါ်စုကြည်အပေါ်သုံးသပ်ချက်" ခေါင်းစဉ်ဖြင့် စာတမ်းရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။ ၄င်းစာတွင် ပုဂ္ဂိုလ်ရေး ထိုးနှက်ချက် အချို့ပါသော်လည်း NLD ၏ ပကတိအခြေအနေမှန်ကို ထင်ဟပ်သည်ဟု ဆိုကြသည်။ ၄င်းစာတမ်းတွင် "NLDပါတီသည် ခေါင်းဆောင်ဆိုသူ အမျိုးသမီးကို ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်လွန်းနေကြောင်း၊ ယင်းသည် ကောင်းသည့်လက္ခဏာမဟုတ်ကြောင်း ၊ ပုဂ္ဂိုလ်ရေး ဆန်လွန်းလျှင် အဖွဲ့အစည်းပါ ကျဆုံးသွားနိုင်ကြောင်း ၊ NLDသည် ဆွမ်းလောင်းအသင်း ၊ သာရေးနာရေး အသင်း၊ ရေကြည်တော်ဝတ်အသင်း တစ်ခုထက်မပိုကြောင်း ၊ လူထုကို ကိုယ်စားမပြု၊ နိုင်ငံရေး ဦးဆောင်မှုမပေးပဲ ရွေးကောက်ပွဲကိုသာ အာရုံစိုက်လုပ်နေကြောင်း ၊ လူထုကနိုင်ငံရေး ပါတီတွေအပေါ် စိတ်ပျက်နေကြောင်း ၊ စည်းကမ်းရှိပါ၊ ညီညွတ်ပါဆိုသည့် အဘိဓမ္မာမှာ ကျဆုံးသွားပြီး ဖြစ်ကြောင်း ၊ ယင်းအဘိဓမ္မာဖြင့် ဒီမိုကရေစီကို မရနိုင်ကြောင်း ၊ လူတန်းစားပျက်ကြီးများနှင့် ထောင်ထားသည့် ပါတီဖြစ်၍ နိုင်ငံကို ခေါင်းမဆောင် နိုင်ကြောင်း"စသည်ဖြင့် ဝေဖန်သုံးသပ်ခဲ့သည်။

သို့သော် ဒေါ်စုကြည်နှင့် NLDက ဝေဖန်ရေးလက်မခံခဲ့ပေ။ မိုးသီးဇွန်၏ ဝေဖန်ချက်က ဒေါ်စုကြည်အား အနာပေါ်တုတ်ကျသလို နာသွားစေသည်။ နာလိုခံခက်ဖြင့် အမျက်ထွက်ခဲ့သည်။ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားသည်။ ဒေါ်စုကြည်၏ အတ္တမာနနှင့် မခံချင်စိတ်ကို နှိုးဆွသွေးထိုးပေးလိုက်သလို ဖြစ်ခဲ့လေသည်။ ယင်းသို့ မြှောက်သူကမြှောက် ၊ ချွန်တွန်းပင့်လုပ်သူက လုပ်နေကြသဖြင့် ဒေါ်စုကြည်က ပို၍ အရွဲ့တိုက်သလို လုပ်လာသည်။ နိုင်ငံရေးအရမပြောသင့်မဆိုသင့်သည်များဖြင့် ပြောမှားဆိုမှား ဖြစ်ခဲ့ သည်။ NLD CEC အဖွဲ့က မူ ဒေါ်စုကြည်ကို မျောက်ပြဆန်တောင်း လုပ်ကောင်း ခဲ့ကြပေသည်။

No comments: