Monday, July 7, 2008

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ(၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေ မူကြမ်းအတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပရေးကော်မရှင်က ပြည်သူလူထု၏ သဘောထားတောင်းခံသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို ၂၀၀၈ခုနှစ်၊ မေလ(၁၀)ရက်နှင့် (၂၄)ရက်တို့တွင် အောင်မြင်ကျင်းပ ပြီးစီးခဲ့သည်။

ဆန္ဒခံယူပွဲမှာ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇သန်းကျော် (၂၇၂၈၈၈၂၇)ဦးအနက် (၉၈.၁၂)ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ထိုသို့ဆန္ဒမဲပေးသူများအနက် (၉၂.၄၉)ရာခိုင်နှုန်းက အခြေခံဥပဒေမူကြမ်းကို ဥပဒေနှင့်အညီ တစ်ခဲနက် ထောက်ခံအတည်ပြုခဲ့ကြသည်။

ထို့ကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးက အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ၂၀၀၈ခုနှစ်၊ မေလ(၂၉)ရက်နေ့မှာ ကြေငြာချက်အမှတ် (၇/၂၀၀၈)ဖြင့် ထုတ်ပြန်ကြေငြာခဲ့လေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၂၉)တွင် "နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်သသော ပါတီစုံ ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျ ဖွဲ့စည်းနိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်" ဟူ၍ ဖော်ပြထားသည်။

ယခုဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်း မတိုင်မီက မြန်မာနိုင်ငံ၌ နောက်ဆုံးကျင့်သုံးခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် ၂၇-၉-၁၉၈၈ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။ ထိုဥပဒေအရ ကနဦးတွင် နိုင်ငံရေးပါတီ(၂၃၅)ပါတီအထိ မှတ်ပုံတင်ခဲ့ကြသည်။ ယခုအချိန်ထိ ထိုပါတီ (၂၃၅)အနက်မှ ပါတီ(၁၀)ပါတီသာလျှင် တရားဝင် ရပ်တည်လျက်ရှိနေပေသည်။

No comments: