Saturday, October 4, 2008

NLD ပါတီ၏ အမှားတော်ပုံများ(၂၃)

ဒေါ်စုကြည်၊ ဦးတင်ဦးနှင့် ဦးကြည်မောင်တို့အား ထုတ်ပယ်ပြီးနောက် ၂၆.၂.၁၉၉၁ ရက်နေ့တွင် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ပြောင်းလဲဖွဲ့စည်းကြောင်း NLD ကပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရေး ကော်မတီသို့ တရားဝင်အကြောင်းကြားခဲ့သည်။

(၁) ဦးအောင်ရွှေ ဥက္ကဌ

(၂)ဦးလွင် အတွင်းရေးမှူး

(၃)ဦးညွှန့်ဝေ ဘဏ္ဍာရေးမှူး

(၄)ဦးရွှေ အဖွဲ့ဝင်

(၅)ဦးသန်းထွန်း အဖွဲ့ဝင်

(၆)ဦးလှဖေ အဖွဲ့ဝင်

(၇)ဦးမြလေး အဖွဲ့ဝင်

(၈)ဦးစိုးမြင့် အဖွဲ့ဝင်

(၉)ဦးလွန်းမောင် အဖွဲ့ဝင်

(၁၀)ဦးမင်းဝေ အဖွဲ့ဝင်

NLD ၏ အထက်ပါအတိုင်း အကြောင်းကြားချက်အရ ကော်မရှင်ကမှတ်တမ်း တင်ပြီးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက်ပိုင်း၌ NLD လူငယ်များက NLD ဗဟိုကို စွပ်စွဲချက် (၉) ချက်ဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။၎င်းစွပ်စွဲချက်များမှာ-

(၁) NLD အတွင်းအထက်အောက်ရိုးသားပွင့်လင်းမှု မရှိခြင်း

(၂) အထက်နှင့်အောက် အပြန်အလှန် လေးစားမှု မရှိခြင်း

(၃) ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်မှု မရှိသည့် အပြင် CEC ပျက်ပြယ်အောင်လုပ်ဆောင်ခြင်း၊

(၄) မဟာမိတ်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊

(၅) ဗဟိုကအောက်ခြေအဆင့်အားတိကျသည့်အာမခံချက်မပေးနိုင်ခြင်း၊

(၆) နိုင်ငံရေးလမ်းညွှန်မှုတိကျစွာမရှိခြင်း

(၇) အောက်ခြေကို ကြောက်ရွံ့ခြင်းနှင့် ကော်မရှင်သို့မဟုတ် အာဏာပိုင် အဖွဲ့အစည်းများကို ကြောက်ရွံ့ခြင်း

(၈) ဥပဒေဘောင်အတွင်းလုပ်ဆောင်ချက်များကိုပိတ်ပင်ခြင်းနှင့်

(၉) အောက်ခြေအစည်းအဝေးမလုပ်ရဆိုသည့်ဝေ့လည်ကြောင်ပတ် အမိန့်များ ထုတ်ပြန်ခြင်း တို့ပင်ဖြစ်သည်။

၎င်းစွပ်စွဲချက်များကြောင့် NLD အတွင်းဂယက်ရိုက်ခဲ့သည်။ စင်စစ် ဒေါ်စုကြည် နောက်လိုက်များက ဦးအောင်ရွှေနှင့် အဖွဲ့ကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ အသွင်မတူသူများစုဖွဲ့ထားသော NLD ၏တည်ထောင်မောင်းနင်း လုပ်ရပ်အမှားများ ဖြစ်ပေသည်။

NLDပါတီ၏ အမှားတော်ပုံများ(၂၂)

ထိပ်တိုက်ရင်ဆိုင်မှုကို ဆက်လုပ်လာသည်မှာ ဒေါ်စုကြည်၏ မောင်ဝမ်းကွဲ ဖြစ်သူ- ဒီမိုကရေစီပါတီ ဥက္ကဌစိန်ဝင်းဖြစ်သည်။ ဒီမိုကရေစီပါတီသည် NLD ၏ အရန်ပါတီဖြစ်ကြောင်း အားလုံး သိကြသည်။ စိန်ဝင်းနှင့် အရွေးချယ်ခံထားရသော ကိုယ်စားလှယ် (၄၂)ယောက်သည် မန္တလေးတွင် စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် လျှို့ဝှက်လုပ်ဆောင်ခဲ့ကြသည်။ ၄င်းတို့၏ အကြံအစီမှာ ၁၉၉၀ပြည့်နှစ် စက်တင်ဘာလ အတွင်း ဆူပူမှုဖန်တီးပြီး စင်ပြိုင်အစိုးရဖွဲ့မည်၊ ၄င်းအဖွဲ့ကို နိုင်ငံခြား အစိုးရများက အသိအမှတ်ပြုအောင် လုပ်ကြံဖန်တီးမည်ဟူသည့် အစီအစဉ်ဖြစ်သည်။

ဤလုပ်ရပ်ကို နိုင်ငံတော်အစိုးရက လက်မခံပဲ ပါဝင်လှုပ်ရှားသူများကို ဖမ်းဆီးထိမ်းသိန်းခဲ့သည်။ စိန်ဝင်းအပါအ၀င် (၁၁)ယောက် လွတ်မြောက်သွားပြီး မူလအစီအစဉ်ပါအတိုင်း တောခိုသွားသည်။ (၁၈၊၁၂၊၁၉၉၀) ရက်နေ့တွင် KNU သောင်းကျန်းသူ နယ်မြေ မာနယ်ပလော၌ ပြည်ပြေးစိန်ဝင်းဦးဆောင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ ဟူ၍ဖွဲ့ခဲ့သည်။ အနောက်မီဒီယာများကလည်း NLD လွတ်မြောက်နယ်မြေ အဝေးရောက် အစိုးရဟု ရေးသားပွဲထုတ်ပေးခဲ့ကြသည်။

ပြည်ပြေးစိန်ဝင်းက စင်ပြိုင်အစိုးရဖွဲ့ရန်အတွက် ၄င်းအား အရွေးချယ်ခံ ကိုယ်စားလှယ် (၂၅၀)က လက်မှတ်ရေးထိုးပြီး တာဝန်ပေးအပ်ခဲ့သည်ဟု လိမ်လည်လှည့်ဖျား ကြေငြာသည်။ ယင်းကြေငြာချက်နှင့် ပတ်သက်၍ ဘာမျှလက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့ပေ။ ပြည်တွင်းရှိ အရွေးချယ်ခံ ကိုယ်စားလှယ်များကလည်း ၄င်းတို့ လက်မှတ်ရေးထိုးပေးခြင်း၊ တာဝန်ပေးအပ်ခြင်း မပြုခဲ့ကြဟု ထွက်ဆိုကြသည်။ NLD ကလည်း စိန်ဝင်း၏ စင်ပြိုင်အစိုးရ ဆိုသည်မှာ ၄င်းတို့ပါတီနှင့် လုံးဝ မသက်ဆိုင်ကြောင်း ကြေငြာခဲ့သည်။ သို့ရာတွင် စိန်ဝင်းဦးစီးသည့် ပြည်ပြေး(၁၁)ယောက်တွင် NLDမှ ရွေးချယ်ခံကိုယ်စားလှယ်အချို့ ပါဝင်လျက်ရှိနေပေသည်။

ယင်းသို့ ဂန္ဓီအစည်းအဝေးကိစ္စ၊ စင်ပြိုင်အစိုးရကိစ္စများ ဆက်တိုက်ဖြစ်ပွား လာသဖြင့် ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်မှုအပေါ် စိတ်ကုန်ပြီး NLD မှ နှုတ်ထွက်သူများ ရှိလာခဲ့သည်။ ဥပဒေ ချိုးဖေါက်မှုကြောင့် အရေးယူခံရသူများလည်း ရှိသည်။ ပါတီနိုင်ငံရေးကို စိတ်ကုန်သူများ ပိုများလာခဲ့သည်။ အစုလိုက် အပြုံလိုက် နှုတ်ထွက်သူများ၊ ပါတီအတွင်း အုပ်စုလိုက် အကွဲအပြဲများ ပိုများလာသည်။ ဒေါ်စုကြည်အဖွဲ့မှ နှုတ်ထွက်သူ တော်တော်များသည်။ ဗဟိုဦးစီး အဖွဲ့ဝင်များပင် ပါသည်။

ယင်းအခြေအနေ၌ NLD သည် နိုင်ငံရေး အဖတ်ဆယ်ရန် လိုအပ်လာသည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တော်များ၊ ကိုယ်ပိုင်နိုင်ငံတော်၏ အမိန့်များ ညွှန်ကြားချက် များနှင့် ဥပဒေကို ချိုးဖေါက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းသို့ ဥပဒေချိုးဖေါက်သူများကို NLD အတွင်း ဆက်ထားခြာင်းဖြင့် ပါတီ၏ တရားဝင်ရပ်တည်မှုကို ထိခိုက်လာနိုင်သည်ဟု ယူဆပြီး ဒေါ်စုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင် စသူများ အပါအ၀င် အချို့ကို NLD မှ ထုတ်ပယ်ကြောင်း ဥက္ကဌ ဦးအောင်ရွှေက ကော်မရှင်အား အကြောင်းကြားခဲ့သည်။

NLD ပါတီ၏ အမှားတော်ပုံများ(၂၁)

နိုင်ငံတော်အစိုးရသည် NLD ၏ ဥပဒေကို ချိုးဖောက်နေသည့် ထိပ်တိုက် ရင်ဆိုင်ဆန့်ကျင်ရေးလုပ်ရပ်များကြောင့် NLD ပါတီကို အရေးယူဖျက်သိမ်းမှု ပြုလုပ်နိုင်သည့်အထိ သက်သေအထောက်အထားများ အခိုင်အလုံရရှိခဲ့ပေသည်။ သို့ရာတွင် ပါတီစုံဒီမိုကရေစီထူထောင်ရေးအတွက် ရှိသင့်ရှိထိုက်သည့် နိုင်ငံရေးသမားမျိုးဆက် ပြတ်မသွား စေရေးအတွက် အဘက်ဘက်မှ သည်းခံစောင့်ထိန်းဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က NLD အား လျှို့ဝှက် အဆင့်အတန်းရှိသည့် “အမျိုးသားရေးရာဖြစ်ပေါ်တိုးတက်မှု အစဉ်ထိန်းကျောင်း ဖေါ်ဆောင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ သဘောထား “ဆိုသည့်စာတမ်းတစ်စောင်ကို ပေးပို့ခဲ့သည်။ ယင်းလုပ်ဆောင်ချက်သည် နိုင်ငံတော်အစိုးရနှင့် NLD တို့အကြားပြေလည်ရာပြေလည်ကြောင်း ဖြစ်အောင် ဖန်တီးလမ်းခင်းပေးခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် NLD က တစ်လွဲဆံပင်ကောင်းပြီး ထိုစာတမ်းကို နိုင်ငံခြားသံရုံးများ နှင့် အခြား မသက်ဆိုင်သူများထံရောက်အောင် မိတ္တူကူးပြီး ဖြန့်ဝေခဲ့သည်။ ယင်းသို့ လျှို့ဝှက်ချက်ကို မထိမ်းသိမ်းဘဲ နှစ်ဦးနှစ်ဘက် ယုံကြည်မှုပျက်ပြားအောင် လုပ်ဆောင်ခဲ့သည့်အတွက် NLD ဗဟိုဦးစီးအဖွဲ့ ၀င် ဦးကြည်မောင်နှင့် ဦးချစ်ခိုင်တို့သည် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေအရအရေးယူခံခဲ့ကြရသည်။

ထို့ကြောင့် NLD သည် ဗဟိုအလုပ်မှုဆောင် အဖွဲ့ပြန်ဖွဲ့ပြီး ဗဟိုဦးစီး အဖွဲ့အစည်းအဝေး (၅/၉၀) ခေါ်ယူကျင်းပခဲ့သည်။ အစည်းအဝေးဆုံးဖြတ်ချက်အဖြစ် ဒီမိုကရေစီ ပြည်ထောင်စုသစ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ သစ်ရေးဆွဲရန် NLD က ကမကထ ပြုပြီးပြင်ဆင်မှုများ စလုပ်သွားမည်ဖြစ်ကြောင်း NLD ၏အစီအစဉ်များ အစိုးရထံမက်းက်

ံ ပေးပို့ခဲ့သည်။ တွေ့ဆုံညှိုနှိုင်းရန် အဆိုပြုမည်ဟုလည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ယင်းကဲ့သို့ အခြေအနေကောင်းများ ဖြစ်ပေါ်ရန် အပြန်အလှန်ချဉ်းကပ်မှုများ ရှိခဲ့သော်လည်း NLD အတွင်း၌ ဆရာမနိုင်နှစ်ထောင်ပြိုင် ကဲ့သို့ဖြစ်ခဲ့သည်။ဒေါ်စုကြည်၏ နောက်လိုက်ုများက ထိပ်တိုက်လုပ်လိုကြသည်။ NLD ဗဟို၌ နေရာရနေသော မျိုးချစ်ရဲဘော် ဟောင်းများက နည်းလမ်းသစ်များဖြင့် ချဉ်းကပ်လိုကြသည်။ NLD ၏ အစည်းအဝေး (၅/၉၀) ဆုံးဖြတ်ချက်ကို ဒေါ်စုကြည်၏ အဖွဲ့၊ဒေါ်စုကြည်ကိုလိုလားသည့် ပါတီဝင်များက လက်မခံခဲ့ကြပေ။ ယင်းဆုံးဖြတ်ချက်သည် ဒုဝက၏ (၁/၉၀) အောက်ကို ခေါင်းငုံ့လျှိုဝင်ခြင်း ဖြစ်သည်ဆိုပြီး ကန့်ကွက်ခဲ့ကြသည်။သီးခြားလှုပ်ရှားပြီး ထိပ်တိုက်ရင်ဆိုင်မှုကို ပြင်းထန် အောင် လုပ်ဆောင်သူများရှိခဲ့သည်။

ဗကပယူဂျီများ၊သံရုံးအချို့မှ သံတမန်များနှင့် လက်ခါးချင်းရိုက် လုပ်ဆောင်ခဲ့ကြသည်။ စင်ပြိုင်အစိုးရဖွဲ့ရန် ရန်ကုန်တွင် ညှိုနှိုင်းခြင်း၊ မန္တလေးသို့ သွားရောက်တိုင်ပင်ခြင်းများလုပ်ခဲ့သည်။ မန္တလေးတွင် ဆူပူမှုများဖြစ်ပွားစေရန် NLD အချို့က ၀ကပ်များ၊ သံရုံးမှ လူများနှင့် ပူးပေါင်းလှုပ်ရှားခဲ့ကြသည်။စင်ပြိုင်အစိုးရဖွဲ့ရန် အားထုတ်ခြင်း သည် နိုင်ငံတော်သစ္စာကို ဖောက်ဖျက်ပုန်ကန်ကျုးလွန်ခြင်းပင် ဖြစ်ပေသည်။

NLD ပါတီ၏ အမှားတော်ပုံများ(၂၀)

တပ်မတော်သည် ရွေးကောက်ပွဲမကျင်းပမီ တစ်နှစ်ခန့်အလိုမှစ၍ ရွေးကောက်ပွဲ ကျင်းပပြီးလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တက်လာသည့် အစိုးရကို အာဏာလွှဲပြောင်းပေးမည်ဟုအကြိမ်ကြိမ်ရှင်းလင်းပြောကြားခဲ့သည်။

တပ်မတော်သည် မည်သည့်နိုင်ငံရေးပါတီကိုမျှ ဘက်လိုက်ခြင်းမရှိခဲ့ပေ။ မည်သည့် ပါတီကမျှလည်း တပ်မတော်ကို ကျောထောက်နောက်ခံပြုထားခြင်း မရှိပေ။တပ်မတော်က မည်သည့်နိုင်ငံရေးမူဝါဒကိုမျှ ကျင့်သုံးမှု မပြုခဲ့ပေ။ လူတန်းစားရေးနှင့် ကျဉ်းမြောင်းစသော လူမျိုးရေးတို့ကိုလည်း ရှေ့တန်းတင်ခြင်း မရှိဘဲ အမျိုးသား နိုင်ငံရေးကိုသာ အလေးထားဖော်ဆောင်နေခြင်းဖြစ်သည်။

တပ်မတော်ခေါင်းဆောင်များက နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရေရှည် အကျိုးစီးပွားသည်သာ အဓိကဟုဆိုသည်။ NLD က အာဏာလွှဲပြောင်းပေးရေးသည် အဓိကဟုပြောသည်။ နိုင်ငံ၏ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၂၇.၇.၁၉၉၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၂၉၀ ) ကို ထုတ်ပြန်ကြေညာသည်။ NLD က ထိုဇူလိုင်လ ၂၈ ရက် နှင့် ၂၉ ရက်နေ့တို့တွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဓီခန်းမ၌ ညီလာခံပုံစံဖြင့် အစည်းအဝေး ကျင်းပခဲ့သည်။

ကြေညာချက် (၁၂၉၀)တွင် ဖော်ပြထားသော အဓိကအချက်မှာ နောင်တစ်ချိန်တွင် ပီပြင်သည့်ဒီမိုကရေစီ နိုင်ငံဖြစ်လာရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ စနစ်ရေးဆွဲရမည်။ အားလုံးလက်ခံပြီး ခိုင်မာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပါက အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးမည်။ အခြေခံဥပဒေ မရှိဘဲ မည်သည့် အရပ်သားအစိုးရ၊မည်သည့်ကြားဖြတ်အစိုးရကိုမှ အာဏာလွှဲမပေးဟု ဆိုထားခြင်းဖြစ်သည်။

ဂန္ဓီခန်းမအစည်းအဝေးဆိုသည်မှာ ရွေးကောက်ပွဲနိုင်သည့် ရလဒ်ကို အခြေခံပြီး NLD ဗဟိုဦးစီးအဖွဲ့နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များစုဝေးကာ ထိပ်တိုက်ရင်ဆိုင်မှုထပ်မံပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။ ထိုအစည်းအဝေး သဘောတူညီချက် ဟုထုတ်ပြန်ပြီးရန်၊ အခြေခံဥပဒေသစ်ကို လွှတ်တော်က ရေးဆွဲရန်၊ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလအတွင်း လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။ဆက်လက်၍ သတင်းစာရှင်းလင်းပွဲလုပ်ပြီး န၀တ၏ ကြေညာချက် (၁၂၉၀) ကို လက်မခံနိုင်ကြောင်း ပြောင်ပြောင်တင်းတင်း ပင်ပြောခဲ့သည်။

၂၉.၈.၁၉၉၀ ရက်နေ့တွင် NLD နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (နောက်ပိုင်းဖျက်သိမ်း) တို့တွေ့ဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်တစောင် ထပ်ထုတ်ခဲ့ပြန်သည်။ ယင်းကြေညာချက်တွင် NLD အား အာဏာအမြန်အပ်ရေး၊ စက်တင်ဘာလအတွင်း လွှတ်တော်ခေါ်ယူပေးရေးတို့ကို အဓိက တောင်းဆိုထားသည်။

ထိုကြေညာချက်၌ NLD မှ ပါဝင်လက်မှတ်ရေးထိုးခဲ့သူများမှာ (၁) ဦးအောင်ရွေ၊ (၂) ဦးကြည်မောင် ၊(၃) ဦးချစ်ခိုင် ၊ (၄) ဦးလွင် ၊(၅) ဒေါ်မြင့်မြင့်ခင် ၊(၆) ဦးရွှေ၊ (၇) ဦးခင်မောင်ဆွေ ၊(၈) ဦးစိုးသိမ်း(မောင်ဝံသ)၊ (၉) ဦးကျော်မင်း၊ (၁၀) ဦးချမ်းအေး (မောင်စူးစမ်း) တို့ဖြစ်ကြသည်။ NLD နှင့် ပူးတွဲကြေညာချက်ထုတ်သော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ရှမ်းပြည်နယ်ဘက်မှ ရယ်မူကို တောင်းဆိုလာသောအဖွဲ့ဖြစ်သည်။ ရှမ်းပြည်နယ်ဘက်ဒရယ်မူကြောင့် ပြည်ထောင်စု ပြိုကွဲမည့်အန္တရာယ်ကြုံခဲ့ရသဖြင့် ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ တက်လာခဲ့ရ ခြင်းဖြစ်သည်ကို NLD က သတိပြုဆင်ခြင်မှုမလုပ်ခဲ့ပေ။ ယင်းသည် ၄င်းတို့အာဏာရရှိရေး အတွက် NLD က ဖက်ဒရယ်သမားများနှင့် အပေးအယူလုပ်လိုက်ခြင်းပင်ဖြစ်သည်။

NLD ပါတီ၏ အမှားတော်ပုံများ(၁၉)

ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈၅ ရှိသည့်အနက် NLD က မဲဆန္ဒနယ် ၃၉၂ နယ်၌ အနိုင်ရရှိခဲ့သည်။တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကမဲဆန္ဒနယ် ၁၀ နယ်တွင် အနိုင်ရရှိသည်။ ကျန်အနိုင်ရရှိသည့် ပါတီများမှာ လူမျိုးများအလိုက် မိမိတို့ဒေသများတွင် အနိုင်ရရှိခြင်းကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် တပ်မတော်ကသာ တိတိကျကျကြားနေပြီး ဘက်မလိုက် ခဲ့သော်လည်း နိုင်ငံရေးအင်အားစုအချို့သည် မိမိတို့အနိုင်ရရှိရေးအတွက် မတရားသော နည်းလမ်းများသုံး စွဲခဲ့ကြသည်ဟုဆိုသည်။ လူအုပ်စုဖြင့် မဲထည့်ခိုင်းမှုမျိုးရှိခဲ့သည်။ မိမိတို့ပါတီကို မဲမထည့်လျှင် ရပ်ကွက်အလိုက် မီးလောင်တိုက်သွင်းပစ်မည်ဟု ခြိမ်းခြောက် ခဲ့မှုမျိုးလည်းရှိသည်။ ကျေးရွာအဆင့်၊ ရပ်ကွက်အဆင့်ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ကျသူများအား အနိုင်ကျင့်မှုများလည်း ရှိကြောင်း မှတ်တမ်းများတွင်တွေ့ရသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှ်ခဲ့သော နိုင်ငံရေးပါတီအချို့၏ လုပ်ရပ်ကို ပြန်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။

(၁) ငွေကြေးအင်အားဖြင့် အမတ်နေရာဝယ်ယူထားနိုင်သည့် ဘာသာရေးအစွန်း ရောက်များက ဘာသာရေးနယ်မြေခွဲထွက်ရေး ပြင်ဆင်လာကြသည်။ မအောင်မြင်ပါက လက်နက်ကိုင်တိုက်ခိုက်မည်ဟု ကြံရွယ်သည်။

(၂) လူမျိုးရေးအမြင်ကျဉ်းမြောင်းသည့် ပါတီများကလည်း နယ်မြေခွဲထွက်ရန် ပြင်ဆင်လာကြသည်။ ခွင့်မပြုလျှင် လက်နက်ကိုင်တိုက်မည်။ သောင်းကျန်း သူများနှင့် ပေါင်းမည်ဟု ရည်ရွယ်သည်။

(၃) အာဏာရလာမည်ဟုမျှော်လင့်နေသော နိုင်ငံရေးပါတီအချို့ကလည်း အနောက် အုပ်စုသံရုံးများ၊ ပြည်ပမှအနောက်အုပ်စုကိုယ်စားလှယ်များနှင့် ဖက်လဲ တကင်းဆက်ဆံလာကြသည်။ အနောက်အုပ်စုကို အလွန်အကျွံ မှီခိုအားကိုးရန်ပြင်ဆင်လာကြသည်။

(၄) ယင်းသို့အနောက်အုပ်စုအကြိုက်ပါးလူးပါးလဲ လုပ်ပြနေသော်လည်း လက်ဝဲ၀ါဒီ များလွှမ်းမိုးနေသော ပါတီအချို့က အာဏာရှင်စနစ်ထူထောင်ရန် ကြိုးစား လာကြသည်။

ယင်းလုပ်ရပ်များသည် ဒီမိုကရေစီ အလွဲသုံးစားလုပ်မှုများ ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူလူထု၏ အစစ်အမှန်လိုလား တောင့်တချက်ကို မတွေးဘဲ အနာနှင့်ဆေး တည့်အောင် မပေးသလိုဖြစ်ခဲ့သည်။ ထိုနိုင်ငံရေးပါတီများသည် ၄င်းတို့အာဏာရရှိလာပါက ဘာဆက်လုပ် မည်ကိုပင် ပြင်ဆင်လာကြသည်။ကျိတ်ပုန်းခုတ်လာကြသည့် NLD ဆိုလျှင် မည်သူက ၀န်ကြီးချုပ် ၊ မည်သူတွေက ၀န်ကြီးလုပ်မည်ဆိုသည်အထိ အာဏာခွဲတင်းချခဲ့ကြသည်ဟု ၄င်းတို့အတွင်း လူများကပင် ဖွင့်ဟပြောကြားခဲ့ကြသည်။

ယင်းအခြေအနေတွင်ချက်ချင်းအာဏာလွှဲမပေးသဖြင့် NLD က မှတ်တမ်းလွှာ အမှတ် ( ၁၃၂၉၀ )ဖြင့် တပ်မတော်သည် အာဏာလွှဲမပေးချင်သဖြင့် သဘောထား ပြောင်းသွားပြီ ဖြစ်ကြောင်း ပုတ်ခတ်စွပ်စွဲတော့သည်။

NLD ပါတီ၏ အမှားတော်ပုံများ(၁၈)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ဖွဲ့စည်းမှုအပိုင်းဖြစ်ပေါ် တိုးတက်မှု အပိုင်းများကို ဓမ္မဓိဋ္ဌာန်ကျကျလေ့လာဆန်းစစ်ပါက ၄င်းအရင်လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ကျော်ကာလတစ်လျှောက်ပေါ်ပေါက်ခဲ့သည့် ဂျီစီဘီအေ၊ ဒို့ဗမာအစည်းအရုံး၊ ဆိုရှယ်လစ် ပါတီ၊ကွန်မြူနစ်ပါတီ၊ ဖဆပလ အဖွဲ့ချုပ်၊ ပထစပါတီတို့ကဲ့သို့ပင် ဖြစ်ခဲ့ကြောင်း တွေ့ရှိရသည်။ ကျစ်လျစ်သိပ်သည်းစည်းလုံးညီညွတ်သည့်ပါတီအဖွဲ့အစည်းအဖြစ် ရေရှည်ရပ်တည်နိုင်အောင် ပြုပြင်ဖာထေးမှု မရှိခဲ့ပေ။အကွဲအအက်၊ အခွဲအထွက် ဖြစ်စဉ်မှာသာနစ်မွန်းနေပေသည်။

ထိုသို့နစ်မွန်းနေနေသည်ပင် ပင်လယ်ပြင်၌ သဘောင်္မှောက်သည့်နှယ် ပြောနေပြန်၏။ အမှန်စင်စစ် ရေအိုင်ငယ်ထဲမှ ဖားသူငယ်သဖွယ်ကိုယ်ဘာသာ ကိုယ်ကြီးကျယ်နေခြင်းသာဖြစ်သည်။ NLD သည် ရွေးကောက်ပွဲ အပြီးတွင် ဤနည်းအတိုင်း ရေတိမ်နစ်မည့်ကိန်းကို မှားယွင်းစွာ ဆက်လက်ရွေးချယ်ခဲ့ပြန်သည်။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့ရွေးကောက်ပွဲသို့ NLD အပါအ၀င် နိုင်ငံရေးပါတီ ၉၃ ခုမှ ကိုယ်စားလှယ် ၂၂၀၉ ဦး နှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မဲဆန္ဒနယ် ၄၉၂ ခုသတ်မှတ်ခဲ့သော်လည်း ထိုစဉ်က အခြေအနေအရ ၄၅၈ နယ်၌သာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒဿမ ၅၈ ဖြစ်သည်။ တစ်နိုင်ငံလူဦးရေ ၄၂ သန်းကျော်ရှိခဲ့ရာ အသက် (၁၈) နှစ်ပြည့်ပြီးသော မဲပေးခွင့်ရှိ ၁၄ ဦးရေ သန်း ၂၀ကျော် (၂၀၈၁၈၃၁၃ ) ဖြစ်သည်။ လက်တွေ့လာရောက်မဲပေးသူမှာ ၁၅ သန်းကျော် (၁၅၁၁၂၅၂၄ ) ဖြစ်သည်။ လူဦးရေအားလုံး၏ သုံးပုံတစ်ပုံနီးပါးခန့်သာ မဲပေးခဲ့သည်ဟု ဆိုနိုင်သည်။ ၄င်းအနက် ခိုင်လုံသောဆန္ဒမဲ မှာ ၁၃ သန်းကျော် ( ၁၃၂၅၆၀၆ ) သာဖြစ်၏ ။ပယ်မဲ ၊ ဖျောက်မဲ ၊ထပ်မဲပေါင်း နှစ်သန်းနီးပါး (၁၈၅၈၉၁၈ ) ရှိခဲ့သည်။

ပါတီကိုယ်စားပြုအရွေးခံသူ၂၂၀၉ ရှိရာ ၄၇၉ ဦး အရွေးခံရသည်။ တစ်သီးပုဂ္ဂလအရွေးခံ ၁၄၈၇ ဦးအနက် ခြောက်ဦးအရွေးခံရသည်။အရွေးခံရသူများတွင် တပ်မတော်မှ အငြိမ်းစားအပေးခံခဲ့ရသူ ၄၂ ဦး၊ ဆရာဝန် ၅၀ ၊ အရပ်သား ၁၉၄ ဦးပါဝင်သည်။ ပါဝင်ယှဉ်ပြိုင်သောပါတီများအနက် NLD က အများဆုံးအရွေးခံခဲ့ရသည်။ ယင်းသို့ အရေအတွက်အများဆုံး အရွေးခံရသည်ကို အပြတ်အသတ်အနိုင်ရသည်။ လူထုက တစ်ခဲနက်ထောက်ခံသည်ဟု လွဲမှားသော ကောက်ချက်ဆွဲခဲ့သည်။ တစ်လွဲမာနဖြင့် အာဏာဆိပ်တက်ခဲ့သည်။အမှန်တကယ် NLD ကိုယ်စားလှယ်များရရှိခဲ့သည် ထောက်ခံမဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ (၃၈ ဒဿမ ၁၁၃၆၆ ) ရာခိုင်နှုန်းသာဖြစ်သည်။ မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်မျှပင် ရာခိုင်နှုန်းမရှိသောထိုထောက်ခံမဲကလည်း ဖိုးသူတော်မျက်စေ့လည်လေ ၊ ဆွမ်းဆန်ရလေ ဆိုသော မဲမျိုးသာဖြစ်ပေသည်။

ရွေးကောက်ပွဲအပြီးတွင် သဘောထားများထုတ်ပြန်ခဲ့ရာကြရာ၌ ၀ါရင့်နိုင်ငံရေး ခေါင်းဆောင်ဝိဓူရသခင်ချစ်မောင်က “ ၁၉၉၀ ရွေးကောက်ပွဲလက္ခဏာ မဆောင်သော ပြည်သူလူထု၏ အထွေထွေမကျေနပ်မှု ဆန္ဒပြပွဲသာဖြစ်သည် “ ဟုကောက်ချက်ချ ခဲ့သည်။ NLD နှင့်ပြိုင်ဘက် ဖြစ်သည့် ယခင်အစိုးရ တစ်ဖြစ်လဲ ပါတီကြီး အနိုင်မရလျှင်ပြီးရောသဘောဖြင့် ထည့်ခဲ့သော မဲများကို NLD က အချောင်ရခဲ့ခြင်းဖြစ်သည်။ ယင်းကို မှန်ကုန်စွာ မသုံးသပ် နိုင်ခြင်းသည် NLD ၏ အမှားတော်ပုံတစ်ခု ဖြစ်နေပေသည်။

NLD ပါတီ၏ အမှားတော်ပုံများ(၁၇)

စင်စစ်ရွေးကောက်ပွဲဥပဒေသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များအတိုင်းမှီငြမ်းကိုးကားထားခြင်းဖြစ်သည်။ထိုစဉ်က ဒေါ်စုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်အနာဂတ်မြန်မာ့နိုင်ငံရေးတွင် ပြည်ပပယောဂများ တွင်းထိုးစွက်ဖက်မှုမခံရအောင် အခြေခံမူများအဖြစ် လမ်းညွှန် ချမှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းအထောက်အထားများခိုင်လုံစွာရှိနေခဲ့ပါသည်။ထိုစဉ်က ဒေါ်စုကြည်သည် လေးငါးနှစ် သမီးခန့်သာ ရှိပါလိမ့်မည်။

ရွေးကောက်ပွဲဥပဒေပါပြဋ္ဌာန်းချက်များကို လေ့လာလျှင် ဥပဒေပုဒ်မ၁၀(င) ဟူ၍ တွေ့နိုင်ပါသည်။ထိုဥပဒေပုဒ်မ ၁၀(င) သည်၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၇၄ (၁)၉က)နှင့် အတူတူပင်ဖြစ်နေပါသည်။ပုဒ်မ ၁၀ (င) တွင် နိုင်ငံခြားကျေးဇူးသစ္စာကို ရိုသေစောင့်ရှောက်သူ၊ နိုင်ငံခြားတိုင်းပြည်များမှ အခွင့်အရေးရသူ၊ နိုင်ငံခြားသား တစ်ယောက်ကဲ့သို့ အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိသူများရွေးကောက်ပွဲ ၀င်ခွင့်မရဟု ကန့်သတ်ထားပါသည်။

ဒေါ်စုကြည်သည် ဗြိတိသျှနိုင်ငံသားနှင့် လက်ထပ်ထားသည်။ ထိုဗြိတိသျှ နိုင်ငံသားနှင့်ပေါင်းဖက်ပြီးသားနှစ်ယောက်မွေးခဲ့သည်။၎င်းတို့မှာလည်း ဗြိတိသျှနိုင်ငံသား များပင် ဖြစ်သည်။ ၄င်းအနေဖြင့် အချိန်မရွေးဗြိတိသျှနိုင်ငံသား ခံယူခွင့်ရှိထားသည်။ နေအိမ်တွင်တားမြစ်ခံထားခံရသည့်အချိန်၌ပင် ၄င်း၏ခင်ပွန်းပေးပို့သည့် ပစ္စည်းများကို ၄င်းတို့သံရုံးမှတစ်ဆင့်လက်ခံခဲ့သည်။ဗြိတိသျှသံရုံးမှ အကူအညီများကို ရရှိခံစားနေ တုန်းပင်ဖြစ်သည်။ ဒေါ်စုကြည်အား တားဆီးလိုက်လျှင် လိုက်ခြင်းပင် ၄င်းတို့ဘက်မှ သူတို့နိုင်ငံသားအား မြန်မာအစိုးရက အရေးယူထားသည်ဆိုသော စကားအသုံးအနှုန်း များထွက်လာသေးသည်။ နောက်ပိုင်းကျမှ သူတို့ နိုင်ငံသားဆိုသည့် အသုံးအနှုန်းကို မသိမသာချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။ ဒေါ်စုကြည်၏ ခင်ပွန်းမိုက်ကယ်အဲရစ်ကလည်း သူ၏မိန်းမကို စစ်အစိုးရက မတရားဖမ်းဆီးထားသည်။ကယ်ပါ ယူပါ စသည်ဖြင့် နိုင်ငံတကာမှ အသံပေါင်းစုံထွက်လာအောင် ပြောဆိုခဲ့သည်။ ထိုအချက်များကြည့်ရုံဖြင့် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) နှင့်လုံးဝ ငြိစွန်းနေကြောင်းအပေါ်ယံကြောမျှနှင့် ပင် သိရှိနိုင်ပါသည်။ အတွင်းကျကျ တိတိပပ ဖော်ထုတ်သိရှိကြလျှင် ဒေါ်စုကြည်ဘာလဲ၊ ဘယ်လဲဆိုသည်မှာ အလွန်ပင်သိသာထင်ရှားနေသော အကြောင်းအချက်များ ဖြစ်နေကြောင်း တွေ့ရှိကြရမည် ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀(ဇ) တွင် သောင်းကျန်းသူများနှင့် ဆက်သွယ်မှု ပြုလုပ်သူများ ရွေးကောက်ပွဲဝင်ခွင့်မရှိဟု ကန့်သတ်တားမြစ် ထားသည်။ ဒေါ်စုကြည်၏နေအိမ်ခြံဝင်းကို သက်ဆိုင်ရာက ၀င်ရောက်ရှာဖွေရာတွင် ABSDF သောင်းကျန်းသူအဖွဲ့ဝင်တစ်ဦးကို စာရွက်စာတမ်းများနှင့်အတူ သက်သေထင်ရှား ဖမ်းမိခဲ့သည်။

ဆိုရလျှင်တခြားပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းနေပေရာ ဒေါ်စုကြည် ရွေးကောက်ပွဲဝင်ခွင့် မရရှိခြင်းသည် ဘယ်သူမပြု မိမိမှုပင်ဖြစ်နေပါသည်။ ဘယ်သူမပြု မိမိမှုကိုသိလျက်နှင့် NLDက ဒေါ်စုကြည်အားကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခြင်းသည်မျောက်ပြဆန်တောင်းခြင်းမှတစ်ပါး အခြားမရှိ။

NLD ပါတီ၏ အမှားတော်ပုံများ(၁၆)

NLD ပါတီ၏ အမှားတော်ပုံသောင်းခြောက်ထောင်မက ရှိသည့်အနက် မဲဆန္ဒနယ်များကို ငွေကြေးဖြင့်ရောင်းစားခဲ့သည့် သာဓကများရှိခဲ့ပါသည်။ ရှေးဖြစ် နောက်ကြောင်းမသိသူများအနေဖြင့် ပိုမိုတိကျခိုင်လုံစွာသိရှိနိုင်ရေးအတွက် အကိုးအကား များဖြင့် ဖော်ပြလိုက်ပါသည်။

၁၉၉၆ ခုနှစ်က သတင်းစာများတွင် ဖော်ပြခဲ့သည့်ဆောင်းပါးရှင်” ဗျတ္ထိ ၏ ”သာဓု၊ သာဓု၊ သာဓုပါခင်ဗျ ” ဆောင်းပါးတွင် ”ကျွန်တော်တို့ပါတီ NLD ထောင်စ ၁၉၉၈ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်သည်။ အမျိုးသားငြိမ်းချမ်းရေးနှင့်အညီ ဒီမိုကရေစီ ပါတီတွင် ဥက္ကဌလုပ်ခဲ့သော ဦးဒါဝတ်ဂျမားဆိုသူသည် ကျွန်တော်တို့ပါတီအတွင်းရေးမှူးမှ တစ်ဆင့် သိန်းချီသော ငွေများကိုပါတီသို့ လှူဒါန်းခဲ့ဖူးပေသည်။အလှူငွေကို ညှိနှိုင်းချက်အရ ကျိုက်မရော၊ကန့်ဘလူ၊တန့်ယန်းနှင့် ပြင်ဦးလွင် မြို့နယ်များတွင် ကျွန်တော်တို့ပါတီ လက်မှတ်ဖြင့် အမတ်လေးဦးမှာ ဦးဒါဝတ်ဂျမားတို့ဘက်က ၀င်ရောက်ယှဉ်ပြိုင်အရွေးခံ ခဲ့သည့်အနေအထားတော့ ရှိခဲ့ပေသည် ”ဟူ၍အတိအကျရေးသားထားပါသည်။

ထို့အတူကလောင်ရှင် ”အနော်ရထာ ” ရေးသားသည့် ”နိုင်ငံတော်ရှေ့ခရီး ” စာအုပ်စာမျက်နှာ (၈၈) တွင် အမတ်နေရာများ ၀ယ်ယူခြင်းနှင့်စပ်လျဉ်းပြီး ဤသို့ ဖော်ပြထားပြန်ပါသည်။

”ဤနေရာတွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ကိုယ်စားလှယ်များ၏ အခြေအနေကို ပြန်ကြည့်ဖို့လိုသည်။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနေထိုင်သော သူဋ္ဌေးကြီးတစ်ဦးသည် ပါတီကြီး သုံးခုကို ရန်ပုံငွေအများအပြား ထည့်ဝင်ကာ လွှတ်တော်ကိုယ်စားလှယ်နေရာများ ၀ယ်ယူခြင်းရှိခဲ့သည်။ ထိုသူဋ္ဌေးကြီးသည် ဘာသာရေး အယူသည်းသူဖြစ်ပြီး ဘူးသီးတောင်မောင်းတော၊ ရသေ့တောင်ဒေသတွေကို ဘာသာရေး နယ်မြေအဖြစ် ခွဲထွက်ရန် ရည်ရွယ်ချက်ရှိနေသည်။ သူထိုးထည့်လိုက်သော အမတ်ဟောင်း အချို့သည် ပါတီမျက်နှာဖုံးစွပ်ကာ အနိုင်ရရှိခဲ့ကြရာ ဤနည်းအတိုင်းသွားပါက ရခိုင်ပြည်နယ်မြောက်ပိုင်းသည် ခွဲထွက်တော့မည့်အခြေအနေသို့ ဖြစ်လာသည်။ဤကား ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။”

ယင်းသို့ရွေးကောက်ပွဲတွင် မလိမ့်တပတ်ပြုလုပ်ခဲ့သော NLD သည်မျောက်ပြ ဆန်တောင်းမှုကိုလည်း ပြုလုပ်ခဲ့ကြသေးသည်။၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်စုကြည်အနေဖြင့် ၀င်ရောက်အရွေးခံပိုင်ခွင့်မရှိပေ။သို့ရာတွင် NLD က သွေးတိုးစမ်း လှုပ်ရှားမှုအဖြစ် ၂၂.၁၂.၁၉၈၉ ရက်နေ့တွင် ဒေါ်စုကြည်အမည်စာရင်းကို ဗဟန်း(၁) မဲဆန္ဒနယ်၌ တင်သွင်းခဲ့သည်။ NLD အတွင်း၌ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဥပဒေပညာရှင်များက ရွေးကောက်ပွဲများက တစ်ဖက်၊ ဆိုရှယ်လစ်ဟောင်းကြီးများက တစ်ဖက်အငြင်းပွားခဲ့ကြသည်။ ဥပဒေပညာရှင်များက ရွေးကောက်ပွဲ ဥပဒေအရ ရှင်းပြကြ သော်လည်း ဆိုရှယ်လစ်ဟောင်းကြီးများက တို့ကတော့ မျောက်ပြဆန်တောင်းမှာပဲ၊ ဖြစ်ချင်ရာဖြစ်၊ အနိုင်ရဖို့လုပ်ရမယ်” ဟူ၍ပြောကြားခဲ့ကြောင်းသိရှိရသည်။

ကျန်သည့် ပါတီများက ဥပဒေ နှင့်အညီ ဖြစ်စေရေးအတွက် ၀ိုင်းပြီးကန့်ကွက်ခဲ့ကြသည်။ကော်မရှင်ကလည်း ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် အညီ စစ်ဆေးခဲ့သည်။နောက်ဆုံးတွင် ဒေါ်စုကြည် ရွေးကောက်ပွဲဝင်ခွင့်မရဆိုသည့် အဖြေသာ ထွက်လာခဲ့သည်။ထို့ကြောင့် ရွေးကောက်ပွဲ ဥပဒေ၏ ခိုင်မာမှန်ကန်မှုကို လည်း သိရှိထားရန်လိုအပ်လာသဖြင့် ဆက်လက်ဖော်ပြထားပါဦးမည်။

NLD ပါတီ၏ အမှားတော်ပုံများ(၁၅)

၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲကာလ၌ NLD ၏အမတ်လောင်းရွေးချယ်မှု ပုံစံက NLD ဗဟိုနှင့် မြို့နယ်များအစေးမကပ်မှုကိုပြသခဲ့သည်။မူလကပင် NLD ကို နှစ်ပါတီပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲအတွက် မြို့နယ် တစ်နယ်စီတွင်မဲဆန္ဒနယ် နှစ်နယ်စီသတ်မှတ်ထားရာ NLD သန္ဓေက မဲဆန္ဒနယ်တစ်နယ်၊ မျိုးချစ်ရဲဘော်ဟောင်းက တစ်မယ်ဟု NLD ဗဟိုမှာကြားခဲ့သည်။

ယင်းကိစ္စကို NLD သန္ဓေတွေက မကျေနပ်ပေ။ ဗဟိုမှချုပ်ကိုင်မှုစနစ် ကျင့်သုံးသည်ဟု စွပ်စွဲကြသည်။ပါတီအတွင်း၌ NLD သန္ဓေကအများစု ဖြစ်ပြီး မျိုးချစ်ရဲဘော် ဟောင်းက အနည်းစုဖြစ်၍ အချိုးကျခွဲတမ်းချခြင်းသည် တရားမျှတမှု မရှိဟု အငြင်း ပွားခဲ့ကြသည်။ ယင်းသို့ဖြစ်နေသည့် ကြားမှပင် ကိုယ်စားလှယ်လျာထား စာရင်းကို ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့သည်။

စည်းရုံးရေးကိစ္စဆောင်ရွက်ရန်အတွက်လျာထားခံရသော မျိုးချစ်ဟောင်းအဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ မြို့နယ် မဲဆန္ဒနယ်များသို့ သွားရောက်ဆက်သွယ် ကြရသည်။ဇာတိခံ ဒေသခံရွာခံဖြစ်သော မြို့နယ် NLD ရုံးအချို့က ထိုကိုယ်စားလှယ်ကို လက်မခံကြပေ။အချို့မြို့နယ်တွင် လက်မခံရုံမက မြို့နယ်ကော်မရှင်တွင် ကန့်ကွက်ကြ သည်။အချို့ဆိုလျှင် ရန်မူသည်အထိ ဖြစ်ခဲ့သည်။

မျိုးချစ်ရဲဘော်အချို့မှာ မိမိဇာတိမြို့နယ်တွင် ပါတီယှဉ်ပြိုင်ရန်လျာထား ခံရလျက်မှ NLD သန္ဓေတို့၏ တားမြစ်မှုကိုခံခဲ့ကြရသည်။ အချို့မှာလည်း မြို့နယ် ကော်မရှင်တွင် NLD မြို့နယ်စည်းရုံးရေးအဖွဲ့များ၏ကန့်ကွက်မှုကို ချက်ခြင်းထုချေခဲ့ကြ ရသည်။မြို့နယ်ကော်မရှင်များကလည်းစစ်ဆေးပြီး NLD ဗဟို၏လျာထားချက်အတိုင်း အတည်ပြုပေးခဲ့သည်။ထိုအခါ ဦးနင်းပဲ့ထောင်၊ပဲ့နင်းဦးထောင်သောလုပ်ရပ်များကို မြို့နယ် NLD တစ်ချို့က လုပ်လာခဲ့ကြသည်။မျိုးချစ်ရဲဘော်ဟောင်း ကိုယ်စားလှယ်ဟောင်းကို လက်မခံဘဲ သူတို့ကိုယ်စားလှယ်ပါဝင်ယှဉ်ပြိုင်မည်ဟု တင်သွင်းခဲ့ကြပြန်သည်။ထိုအခါ မြို့နယ်ကော်မရှင်က NLD ၏ခါးမောက်သင်္ကေတနှင့် ယှဉ်ပြိုင်၍ မရကြောင်း၊အခြားပါတီ သင်္ကေတနှင့် ယှဉ်ပြိုင်နိုင်ကြောင်း ဥပဒေနှင့် အညီ ခွင့်ပြုပေးခဲ့သည်။ထိုအခါ NLD မှ ကိုယ်စားလှယ်များသည်ပင် မြို့နယ်အချို့၌ လွယ်အိတ်၊ကတ်ကြေးသင်္ကေတများဖြင့် ၀င်ပြိုင်ခဲ့ကြသည်။ယင်းမဲဆန္ဒနယ်များ၌ NLD မှ ကိုယ်စားလှယ်သုံးဦးအထိ ၀င်ပြိုင်သည့် သဘောဖြစ်ပေသည်။

၎င်းဖြစ်ရပ်များက မြို့နယ် NLD များက NLD ဗဟိုကို မယုံသည့် သဘောပြနေသည်။မြို့နယ် NLD များက မျိုးချစ်ရဲဘော်ဟောင်းများအပေါ် မကျေနပ်မှုကို ပြနေခြင်းပင်ဖြစ်သည်။ ဤသို့ရွေးကောက်ပွဲခွဲတမ်းအတွက် အချင်းချင်းခွက်စောင်းခုတ်မှုများ ရှိသည်ဟုဆိုရလောက်အောင်ပြဿနာပေါင်းစုံ တတ်ခဲ့သည်။ ထိုမျှမကပဲ မျောက်ပြ ဆန်တောင်းသော လုပ်ရပ်နှင့် မဲဆန္ဒနယ်အချို့ကို ငွေကြေးဖြင့် ရောင်းစားခဲ့သည့် လုပ်ရပ်များကိုလည်း NLD ၏ အမှားတော်ပုံများတွင် တွေ့မြင်ရပါလိမ့်ဦးမည်။

NLD ပါတီ၏အမှားတော်ပုံများ(၁၄)

NLD အားမျိုးချစ်ရဲဘော်ဟောင်း အဖွဲ့က ၀င်ရောက်အုပ်စီးပြီးနောက် ရွေးကောက်ပွဲ၌ မဲရရှိရေးကို ဦးတည်ဆောင်ရွက်ခဲ့သည်။ ဒေါ်စုကြည်နှင့် ဦးတင်ဦးပြန်လွတ်လာလျှင် NLD မှ ခွဲထွက်မည်ဆိုပြီး ပါတီအတွင်း အာရုံသွင်းခဲ့သည်။ ထိုအချိန်၌ ပါတီအတွင်း အကွဲအပြဲများ ၊ ပြသနာများနှင့် လုံးချာလည်နေခဲ့သည်။

NLD အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ နှင့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များမှ တက်ရောက်သူများက ဦးအောင်ရွှေ၊ ဦးချစ်ခိုင် နှင့် ဦးလွင်တို့အား ပါတီမှ နုတ်ထွက်ပေးရန်၊ မထွက်ပေးပါကမြို့နယ် အသီးသီးရှိ NLD ဆိုင်းဘုတ်များကို ဖြုတ်ချပြီး အခြားအမည်ဖြင့် ပါတီတစ်ခု ထပ်ထောင်မည်ဟု တောင်းဆိုခဲ့ကြသည်။ တက်သိလက်ကျန်များကလည်း NLD လူငယ်များကို မြှောက်ပေးရာ ဦးအောင်ရွှေနှင့် ဦးချစ်ခိုင်တို့ကို ဆန့်ကျင်ဟောပြောမှု ၊ဆန့်ကျင်စာထုတ်မှုများ လုပ်ခဲ့ကြသည်။

သို့ရာတွင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် အမက်လောင်းရွေးရာတွင် မျိုးချစ်ရဲဘော်ဟောင်းများက ပညာပြသည်။ မြို့နယ်များက အရေးအခင်းကာလ၌ တက်ကြွခဲ့သူများ၊ အရပ်သားများကို ရွေးပြီးတင်ပြခဲ့သည်။ ဗဟိုကပယ်ချပြီး တည်မြဲ တိုက်ပြုတ် များနှင့် ဆိုရှယ်လစ်ပါတီဝင်ဟောင်းများကိုသာရွေးခဲ့သည်။ ထိုကိစ္စကို မကျေနပ်၍ NLD ဌာနချုပ်၌ ဗဟိုဦးစီးအဖွဲ့ဝင်များ အစည်းအဝေးလုပ်သည်။ မြို့နယ်များက အမတ်လောင်းရွေးချယ်မှုကို ဆန့်ကျင်စကားပြောကြားသည်။ NLD အတွင်းမှူး ဦးချစ်ခိုင် (ယခင် တည်မြဲလူ) ကနောက်မှရွေးသူတိုင်းကို လက်မခံနိုင် ၊ NLD အနိုင်ရမှာသေချာ၍ အရည်အချင်းရှိသူကိုသာ ရွေးရမည်ဟု တင်းခံသဖြင့် နယ်ကိုယ်စားလှယ်တစ်ဦးက ဦးချစ်ခိုင်အား တံမျက်စည်းဖြင့်ရိုက်လိုက်သည်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်။

မင်းဘူးနယ်ဘက်မှ ရှမ်းလေးလုံးသပိတ်ခေါင်းဆောင်လုပ်ခဲ့သူ သိန်းဌေးက ယခု NLD တွင် ဘောင်းဘီချွတ်တွေ ကြီးစိုးနေ၍ ၎င်းဘောင်းဘီချွတ်များ အာဏာရအောင် လုပ်မပေးနိုင်၊ ရွေးကောက်ပွဲတွင် ၀ိဓူရသခင်ချစ်မောင် ပါတီအနိုင်ရအောင် ကြိုးပမ်း ပေးမည်ဟု ပြောပြီး NLD မှထွက်ကာ ပါတီပြောင်းသွားခဲ့သည်။

ဒေါ်စုကြည်နှင့် ပူးတွဲပြီး ၁၅.၇.၁၉၈၈ ရက်နေ့၌ ပူးတွဲကြေငြာချက် ထုတ်ခဲ့သည်ဆိုသူ ပြည်ပြေးထွေးမြင့်ကလည်း NLD ၌ စစ်ဗိုလ်ဟောင်းအုပ်စု ကြီးစိုးနေသည်ကို မကျေနပ်ဟုပြော ပြီး နှုတ်ထွက်ကာ ဦးသုဝေ၏ ဒီမိုကရေစီပါတီသို့ ကူးပြောင်းခဲ့သည်။ ဒေါ်စုကြည်လွတ်လာမှ ဘောင်းဘီချွတ်တွေနှင့် စာရင်းရှင်းမည်ဟုလည်း ၎င်း၏နှုတ်ထွက်စာ၌ ဖော်ပြခဲ့သည်။

၁၉၆၁ခုနှစ် ပါလီမန်ဒီမိုကရေစီခေတ်၌ တည်မြဲနှင့်သန့်ရှင်း ယှဉ်ပြိုင်သည့်ရွေးကောက်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ကို ဖောက်ဖျက်ပြီး တည်မြဲဘက်လိုက်ကာ မဲခိုးမဲလိမ် လုပ်သဖြင့် အဖြုတ်ခံခဲ့ရသော ဗိုလ်ပြုတ်များနှင့် ဖဆပလ ၀ါရင့်ပဂေးကြီးများကNLDကိုလက်ဝါးကြီးအုပ်ထားသဖြင့် မြွေမြွေချင်း ခြေမြင်သူများက အထက်ပါအတိုင်း NLD နှင့် လမ်းခွဲခဲ့ကြခြင်း ဖြစ်ပေသည်။

NLD ပါတီ၏အမှားတော်ပုံများ(၁၃)

ဒေါ်စုကြည်အား ၂၀.၉.၁၉၈၉ ရက်နေ့တွင် သက်ဆိုင်ရာက နေအိမ်၌ တားဆီးမိန့်ထုတ်ခဲ့ရသည်။ ယင်းသို့တားဆီးမိန့်မထုတ်မီ ဇူလိုင်လ ၁၉ရက်ညတွင် NLD ဌာနချုပ်လုပ်ထားသော တက္ကသိုလ် ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်ခြံဝင်းကို သက်ဆိုင်ရာက စနစ်တကျဖွဲ့စည်းပြီး ၀င်ရောက်ရှာဖွေမှုပြုလုပ်ခဲ့သည်။

၎င်းခြံဝင်းထဲ၌ လွတ်မြောက်နယ်မြေသဖွယ် သဘောထားပြီး အစိုးရဆန့်ကျင်မှု

မှန်သမျှကို လက်ရဲဇက်ရဲလုပ်ခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။ ဆန့်ကျင်စာများ၊ လက်နှိပ်စာများ၊ မိတ္တူကူးစက်များ၊ ဖြန့်ဝေခဲ့သည့် အဖွဲ့အစည်းအမည်အမျိုးမျိုး၊ မြို့အမည်အမျိုးမျိုးနှင့် ဆန့်ကျင်စာများကို သိမ်းဆည်းရရှိခဲ့သည်။ ခြံထဲမှ ဥပဒေအရ အရေးယူ အပြစ်ပေးခံရမည့် လူများ အပါအ၀င် NLD လူငယ် ၄၁ ယောက်ကို ဖမ်းမိသည်။ ၎င်းအထဲတွင်သောင်းကျန်းသူ အဖွဲ့ ဖြစ်သည့် ABSDF မှ ထောက်ပံ့ရေး ကော်မတီ တွဲဖက်တာဝန်ခံ စိုးမြတ်သူလည်းပါဝင်ခဲ့

သည်။

ဒေါ်စုကြည်သည် တောတွင်းသောင်းကျန်းသူများနှင့် ဆက်သွယ်ပတ်သက်ခဲ့ သည့် တိုက်ပိတ်စိုးမြတ်သူ စသည့် တောတွင်းသောင်းကျန်းသူအဖွဲ့အစည်း များကို ၎င်းခြံဝန်းအတွင်းလက်ခံတွေ့ဆုံအားပေးခဲ့သည်။ ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နိုင်ငံတော်အစိုးရအားဝိုင်းပယ်ရန် ၊ အရေးယူပိတ်ဆို့ရန် စာရေးတိုက်တွန်းခဲ့သည်။ သောင်းကျန်းသူများနှင့် ဆက်သွယ်ဆက်ဆံအားပေးမှုပြုခဲ့သည်။ အစိုးရအပေါ် အကြည်ညို ပျက်အောင် ပြုမူပြောဆို လှုံ့ဆော်ခဲ့သည်။ ထိပ်တိုက်ရင်ဆိုင်ရေး ၊ အာဏာဖီဆန်ရေး လုပ်ရပ်များဖြင့် တည်ဆဲဥပဒေပုဒ်မ အများအပြားကို ချိုးဖောက်ခဲ့သည်။ ၎င်းကျူးလွန်ခဲ့သော ဥပဒေပုဒ်မ အားလုံးဖြင့်သာ ရုံးတင်တရားစွဲစစ်ဆေးပါက လွတ်ရက်မရှိထောင်ကျ နိုင်ကြောင်းသိရပေသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရက စိတ်ရှည် သီးခံမှုများဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့၍သာ နေအိမ်၌ တားဆီးမိန့်ဖြင့်နေနိုင်

ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အများစုမှာ ပြစ်မှုကိုယ်စီ ဖြင့် အရေးယူခံနေရချိန်ဖြစ်သည်။ ဒေါ်စုကြည်ပါ တားဆီးမိန့် အထုတ်ခံလိုက်ရသောအခါ NLD လည်းရုပ်သေးကြိုးပြတ်သလိုဖြစ်သွားသည်။ ဤအခြေကို အမိအရဆုပ်ကိုင်ပြီး လှုပ်ရှားသူများကတော့ မျိုးချစ်ရဲဘော်ဟောင်းများဖြစ်သည်။ NLD ကို ဦးဆောင်လှုပ်ရှား မည့်သူ မရှိချိန်တွင် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်မှ ဦးအောင်ရွှေက NLD ဥက္ကဌနေရာဝင်ယူခဲ့သည်။ NLD အဖွဲ့ခွဲများ၊ အဖွဲ့ဝင်များအား စည်းရုံးရေးလုပ် ၊ ရွေးကောက်ပွဲဝင်ဖြစ်အောင်ဝင်ရမည်ဟုမက် လုံးပေးကာ NLD ကိုအသက် ဆက်ပေးခဲ့သည်။ နောက်ကွယ်မှ အကြောင်းရင်းအမှန်မှာ လူထုက မဆလကို မုန်းနေသည့် အရှိန်မကုန်သေးမီ ရွေးကောက်ပွဲ၌ NLD မဲရနိုင်သည့် အခြေအနေကိုမျှော်မှန်းပြီး လှေမျောကို လှေနှင့်လိုက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဦးအောင်ရွှေတို့အုပ်စုတွင် တည်မြဲဖဆပလ (တစ်ချိန်က ဆိုရှယ်လစ်ပါတီ တစ်ခြမ်း)မှ လူများပါဝင်ရာ နိုင်ငံရေး ဖျံများပီပီ NLD ဗဟိုကို အုပ်စီးလာခဲ့ကြပေသည်။

NLD ပါတီ၏အမှားတော်ပုံများ(၁၂)

(၄၂)နှစ်မြောက် အာဇာနည်နေ့ကို အကြောင်းပြု၍ ဆူပူအုံကြွမှု ဖြစ်အောင် လှုံ့ဆော်ဖန်တီးခဲ့သော NLD သည် ထိုအာဇာနည်နေ့ကို အကြောင်းပြု၍ပင် ပါတီတွင်း၌ အက်ကွဲကြောင်း ထင်ခဲ့ပြန်သည်။ NLD ကပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာချက်အတိုင်း မှတ်ပုံတင် ကင်းလွတ်ခွင့်မယူဟု ဖီဆန်ခဲ့စဉ်ကပင် NLD ၏ဗဟိုဦးစီးနှင့် CEC နေရာယူ ထားသော မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က မှတ်ပုံတင် ကင်းလွတ်ခွင့်ရယူခဲ့သည်။

ယခု အာဇာနည်နေ့ အခမ်းအနားတွင်လည်း NLD ကအစိုးရ၏ အစီအစဉ်လက်မခံဟုဆိုကာ အခမ်းအနားကို အပြိုင်လုပ်ရန် တာစူခဲ့စဉ်တွင် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က အစိုးရအစီအစဉ်အတိုင်း လွမ်းသူ့ပန်းခွေချရန် စာရင်းပေးသွင်းခဲ့သည်။ NLD အတွင်းရှိ ဗကပအနွယ်များ၏ ပြောစကားများကြောင့် မျိုးချစ်ရဲဘော်ဟောင်းများအား အစာမကျေဖြစ်နေခဲ့သော ဒေါ်စုကြည်သည် တစ်ချီ၌ ဒေါသပေါက်ကွဲခဲ့ပြန်သည်။

ဒေါ်စုကြည်သည် နောက်ပါ NLD လူငယ်များခြံရံလျှက် မျိုးချစ်ရဲဘော် ဟောင်းများ အဖွဲ့ချုပ်သို့ သွားရောက်ပြီး လမ်းခွဲစကားကို ဤသို့ပြောကြားခဲ့သည်။

"ကျွန်မကို တတ်သိတွေကပြော နေတာ ကြာပြီ။ အန်ကယ်တို့ မျိုးချစ်ရဲဘော်တွေဟာ နှစ်ဘက်လွှတွေ ၊ န၀တရဲ့ သတင်းပေး (informer) တွေ ၊ မယုံရဘူးလို့ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မက အန်ကယ်တို့ဟာ ကျွန်မဖေဖေ လက်ထက်ကတည်းက တပ်ထဲမှာ အတူရှိခဲ့သူတွေအနေနဲ့ သဘောထားခဲ့ပါတယ်။ အန်ကယ်တို့က ကျွန်မတို့ အဖွဲ့ချုပ်မှာလဲ နေရာတွေယူ ၊ အခွင့်အရေးတွေယူခဲ့ကြတယ်။ ကျွန်မတို့ရဲ့ အာဏာဖီဆန်ရေး လမ်းစဉ်ကိုတော့ လက်မခံကြဘူး။ န၀တ အစီအစဉ်နဲ့ အာဇာနည်နေ့မှာ ပန်းခွေချဖို့စီရင်ပေးကြတယ်။ ကျွန်မတို့တိုက်ခိုက်ဆန့်ကျင်နေတဲ့ မှတ်ပုံတင် ကင်းလွတ်ခွင့်ကို အန်ကယ်တို့သွားယူတယ်။ အခုတော့ အန်ကယ်တို့ဟာ တတ်သိတွေပြောသလို တကယ်မှန်နေပြီ။ ဒါ့ကြောင့် အန်ကယ်တို့နဲ့ ကျွန်မတို့ လမ်းခွဲကြမှ ဖြစ်တော့မယ်။"

ဒေါ်စုကြည်၏ ယတိပြတ်ဆုံးဖြတ်ချက်စကားကို မျိုးချစ်ရဲဘော်ဟောင်း ကြီးများက ပြန်လည်ဖြေရှင်းပြီး ချော့မော့နှစ်သိမ့်တိုးလျှိုးခဲ့ကြသည်။ ဒေါ်စုကြည်က ဗူးဆိုဖယုံမသီးတော့ပေ။ NLD နှင့် မျိုးချစ်အဖွဲ့ကို ဘွာမကူးတမ်းဖြတ်တောက်ပစ်ခဲ့သည်။ မျိုးချစ်ကြီးများကိုယ်တိုင် ၎င်းတို့ NLD မှ ကန်ထုတ်ခံရပြီဟု ပြင်ပတွင်ပြောခဲ့ကြသည်။ ဒေါ်စုကြည်၏ အဆိုပါပြောကြာချက် ကက်ဆက်ခွေများကို နေရာတိုင်းလိုလို၌ ဖွင့်ပြီးနားထောင်ခဲ့ကြသည်။ ဒေါ်စုကြည်က ၁၆.၇.၁၉၈၉ ရက်နေ့တွင် NLD နှင့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ချုပ်ကို အဆက်ဖြတ်ခိုင်းခဲ့သည်။ဤသို့သာ အမှန်တကယ် ဖြစ်ခဲ့လျှင် NLD ၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားကောင်းသွားနိုင်ပေသည်။

မျိုးချစ်ရဲဘော်ဟောင်းEC အမှုဆောင်အဖွဲ့ကလည်း အစည်းအဝေး လုပ်ပြီး NLD နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။ သို့ရာတွင် အတွင်းရေးမှူးဖြစ်သူဦးချစ်ခိုင်က " ဗဟိုဦးစီး အဖွဲ့ဝင်တွေဖိတ်ခေါ်ပြီး လမ်းခွဲဖို့ဆုံးဖြတ်တာ ပိုသင့်တော်ပါတယ်။ နှစ်ရက်သုံးရက်လောက်စောင့်ပါဦး" ဟုပြော၍ စောင့်ခဲ့ကြသည်။ ထိုကာလမှာ အာဇာနည်နေ့ဆူပူအုံကြွရန် ဖန်တီးလှုံ့ဆော်မှု အကျိုးဆက်အဖြစ် ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့အား တားဆီး အမိန့်ထုတ်ပြန်ခဲ့သည်။

NLD ပါတီ၏အမှားတော်ပုံများ(၁၁)

ယင်းသို့ နိုင်ငံရေးပါတီအချင်းချင်း မလိမ့်တပတ်လုပ်ခဲ့သော NLD သည် ၁၉၈၉ ခုနှစ်ဇူလိုင်လ (၁၉) ရက် (၄၂) နှစ်မြောက်အာဇာနည်နေ့ကို အကြောင်းပြုပြီး အခြားပါတီများ ကိုခုတုံးလုပ်အသုံးချခဲ့ပြန်သည်။ဒေါ်စုကြည်နှင့် NLD ကအာဇာနည်နေ့ချီတက်အလေးပြုမည့် အစီအစဉ်ကို ဒုတိမြောက်အရေးအခင်းအဖြစ်လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်သည်။

အစိုးရက အာဇာနည်နေ့အလေးပြုပွဲ အခမ်းအနားသို့ ဒေါ်စုကြည်အပါအ၀င် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုများကို ထုံးတမ်းစဉ်လာအတိုင်း သီးခြား ဖိတ်ကြားခဲ့သည်။ နိုင်ငံရေးပါတီများကိုလည်း တစ်ပါတီလျှင် ကိုယ်စားလှယ် (၁၀) ယောက်တက်ရောက်ဖိတ်ကြားခဲ့သည်။သို့ရာတွင် ဒေါ်စုကြည်က ပြဿနာလုပ်သည်။ ၄င်းအနေဖြင့် သီးခြားမတက်ဘဲ ပါတီများ ပြုလုပ်သူများနှင့် အတူတက်မည်ဟု ဆိုလာသည်။

ဇူလိုင်လ(၁၃) ရက်နေ့ကျောက်တံတားမြို့နယ် NLD ရုံးတွင် ဒေါ်စုကြည် အာဇာနည် အခမ်းအနားသို့ တစ်ပါတီ (၁၀) ယောက်တက်ရောက်ရသည်ကိုလက်မခံကြောင်း ၊ အများပြည်သူနှင့် ဆိုင်သောနေ့ဖြစ်၍ အားလုံး ချီတက်အလေးပြုနိုင်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ လူစုလူဝေးနှင့် စုပေါင်းချီတက် ခြင်းပင်ဖြစ်သည်။ဗကပယူဂျီကလည်း ဒေါ်စုကြည်၏ အစီအစဉ်ကိုလိုက်နင်းပြီး လှုံ့ဆော်ဖန်တီးမှုများ ပြုလုပ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် အစိုးရနှင့်ပြည်သူလုထုကို ရန်တိုက်ပေးခြင်းဖြစ်သည်။

ထို့နောက် အာဇာနည်နေ့ကျင်းပရေးဗဟိုကော်မတီသို့ NLD ဥက္ကဌဦးတင်ဦး လက်မှတ်ရေးထိုးပြီး စာတစ်စောင်ပေးပို့ခဲ့သည်။ နိုင်ငံရေးပါတီ(၁၀၄)ပါတီစုပေါင်းပြီး ပြည်သူလူထုနှင့်အတူ ချီတက်အလေးပြုရန် စုပေါင်းဆုံးဖြတ်ထားကြောင်းဟု ဖော်ပြ ထားသည်။ ထိုစာကိုအောက်ခြေအဆင့်ဆင့်ရှိ ပါတီရုံးများသို့လည်းဖြန့်သည်။ ပါတီရုံးများက မြို့နယ်များတွင် သတင်းလွှင့်သည်။ ၎င်းတို့အစီအစဉ်ဖြင့် မဖြစ်မနေ ချီတက်မည့် ပုံပေါ်နေပေသည်။

ဇူလိုင်လ (၁၈) ရက်နေ့ညတွင် NLD ပါတီလူကြီးပိုင်း တစ်ညလုံးဆွေးနွေးကြသည်။ (၁၉) ရက်နေ့ NLD အဖွဲ့ချုပ်ရုံး၌ အရုဏ်ဆွမ်းကပ်အပြီးတွင် ဒေါ်စုကြည်က အာဇာနည်နေ့ ချီတက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကပ်ပြီးမှပြောသည်။ အစိုးရက ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို သပိတ်မှောက်ကြောင်းကြေငြာချက် ထုတ်မည်ဟု ပြောကာ ၎င်းကိုယ်တိုင်ရေးသားသည်။ အစိုးရက NLD အား ဆူပူမှုဖန်တီးသည် ဆိုသည့်အကြောင်းဖြင့် ဖျက်သိမ်းမည်ကိုစိုးရိမ်ပြီး စာထုတ်ရန်လုပ်ခြင်းဖြစ်သည်။

သို့ရာတွင်အစီအစဉ်ဖျက်လိုက်သည်ကို အခြားပါတီများ နှင့် အောက်ခြေမှ မသိခဲ့ကြပေ။ ရန်ကုန်မြို့အနှံ့ ကြိုတင်လှုံ့ဆော်မှုအရ ချီတက်ရန်စုရုံးမှုများရှိလာကြသည်။ လုံခြုံရေးအဖွဲ့က တားဆီးရသဖြင့် အခြေအနေများရှုတ်ထွေးသွားခဲ့သည်။ တားဆီးထိန်းသိမ်း ခံရသူများလည်း ရှိခဲ့သည်။ NLDနှင့် ဒေါ်စုကြည်၏ တို့မီးရှို့မီးလုပ်ပြီးခေါင်းရှောင် သွားမှုကို လူငယ်များနှင့်အခြားပါတီများက မကျေမနပ်ဖြစ်ခဲ့ကြသည်။

NLD ပါတီ၏အမှားတော်ပုံများ(၁၀)

NLD ပါတီမှ ဦးအောင်ကြီးအုပ်စုကို ဖယ်ရှားရှင်းလင်းခဲပြီ့းနောက် ၉.၂.၁၉၈၉ ရက်နေ့တွင် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ကိုအောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ကော်မရှင်သို့ အကြောင်းကြားခဲ့သည်။

ဦးတင်ဦး ဥက္ကဌ

ဒေါ်စုကြည် အထွေထွေအတွင်းရေးမှူး

ဦးဝင်းတင် အတွင်းရေးမှူး

ဦးချစ်ခိုင် အတွင်းရေးမှူး

ဦးကြည်မောင် သုတေသနမှူး

ဦးအောင်ရွှေ စည်းရုံးရေးမှူး

ဦးလွင် ဘဏ္ဍာရေးမှူး

ဦးအောင်လွင် ပြန်ကြားရေးမှူး

ဒေါ်မြင့်မြင့်ခင် လူထုလူတန်းစားဌာနမှူး

နောက်ပိုင်းတွင် တက်သိအုပ်စုအမည်ခံ ဗကပ အနွယ်များ NLD တွင် ပေါက်ရောက်တွင်ကျယ်လာကြသည်။ ဗကပများက အပြောကောင်းကောင်းဖြင့် တပ်ပြုတ်များ စုဝေးရာ ဘောင်းဘီချွတ် အုပ်စုကို နာမ်နှိမ်ထားနိုင်ခဲ့သည်။ ယင်းသို့ ဗကပ အဆက်အနွယ်များ ရှေ့ထွက်ပြီးလူတွင်ကျယ်လုပ် အာဏာသိုက်တူးရာမှ လွန်လွန်ကျူးကျူး ဖြစ်လာခဲ့သည်။ ဥပဒေ၏ သားကောင်ဘ၀ကျရောက်ပြီး အထဲဝင်(ထောင်ထဲရောက်သူ) အပြင်ထွက်(NLD မှပြုတ်သူ) ဖြစ်လာကြသည်။ NLD ကို ဗကပလူများနှင့်အနောက် နယ်ချဲ့လူများ စုပေါင်းထူထောင်ထားခြင်းဖြစ်ရာ ဗကပ အနွယ်များ ကုန်သလောက်ဖြစ်သွား ချိန်၌ ဒေါ်စုကြည်သည် အနောက်အုပ်စု၏ကိုယ်စားလှယ်အဖြစ်သို့ ပီပီပြင်ပြင်ရောက်ရှိ သွားတော့သည်။

ယင်းကာလတွင် ဒေါ်စုကြည်အား ၀ိုင်းရံပွဲထုတ်မှုများ လုပ်လာပြန်သည်။ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်သင့်သည်ဆိုသောလမ်းကြောင်းကိုချပြီး ၁၉၈၉ ခုနှစ် ဇူလိုင်လ ၃ ရက် နေ့၌ NLD ကဦးဆောင်ပြီး နိုင်ငံရေးပါတီ ၁၀၀ ကျော်အနက် ၆၈ ပါတီက အစည်းအဝေးတက်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ဒေါ်စုကြည်အား အခြားပါတီများ ကလည်း ထောက်ခံသည် ဆိုသည်ကို တစ်ပတ်ရိုက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အစည်းအဝေးမလုပ်မီ တစ်ရက်တွင် ဦးတင်ဦးနှင့် ဒေါ်မြင့်မြင့်ခင်တို့နှစ်ယောက် အခြားကိစ္စ တစ်ခုကို အကြောင်းပြပြီး ကော်မရှင်သို့သွားရောက်ခဲ့သည်။ ကော်မရှင်တွင် နိုင်ငံရေးပါတီ (၈၀)ကျော်၏ သဘောတူညီချက်အရ န၀တနှင့်တွေ့ဆုံဆွေးနွေးရန်အတွက် ဒေါ်စုကြည်သည် တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ကြောင်း မရိုးမသားတင်ပြပြောကြားခဲ့သည်။

လက်တွေ့ အစည်းအဝေး ကျင်းပသောအခါ ပါတီတော်တော် များများက ဒေါ်စုကြည် တစ်ဦးတည်း မလွှတ်ပဲ အဖွဲ့ဖွဲ့လွှတ်ရန် တင်ပြတောင်းဆိုခဲ့သဖြင့် ပွဲပျက်သွားခဲ့သည်။

NLD ပါတီ၏ အမှားတော်ပုံများ (၉)

ယင်းသို့ နိုင်ငံရေးပါတီအချင်းချင်း မလိမ်မ့တပတ်လုပ်ခဲ့သော NLD သည် ၁၉၈၉ခုနှစ်ဇူလိုင်လ (၁၉)ရက် (၄၂) မြောက်အာဇာနည်နေ့ကို အကြောင်းပြုပြီး အခြားပါတီများကို ခုတုံးလုပ်အသုံးချခဲ့ပြန်သည်။ ဒေါ်စုကြည်နှင့် NLD ကအာဇာနည်နေ့ ချီတက်အလေးပြုမည့် အစီအစဉ်ကို ဒုတိယမြောက် အရေးအခင်းအဖြစ် လုပ်ကြံဖန်တီး ခဲ့ခြင်းဖြစ်သည်။

အစိုးရက အာဇာနည်နေ့အလေးပြုပွဲ အခမ်းအနားသို့ ဒေါ်စုကြည်အပါအ၀င် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုများကို ထုံးတမ်းစဉ်အလာအတိုင်း သီးခြားဖိတ်ကြား ခဲ့သည်။ နိုင်ငံရေးပါတီများကိုလည်း တစ်ပါတီလျှင် ကိုယ်စားလှယ် (၁၀)ယောက် တက်ရန်ဖိတ်ကြားခဲ့သည်။ သို့ရာတွင် ဒေါ်စုကြည်က ပြသနာထလုပ်သည်။ ၄င်းအနေဖြင့် သီးခြားမတက်ဘဲပါတီများ ပြည်သူများနှင့် အတူတက်မည်ဟုဆိုသည်။

ဇူလိုင်(၁၃)ရက်နေ့ကျောက်တံတားမြို့နယ်NLD ရုံးတွင် ဒေါ်စုကြည် အာဇာနည်နေ့အခမ်းအနားသို့ စစ်ပါတီ (၁၀)ယောက်တက်ရောက်ရသည်ဆိုသည် ကိုလက်မခံကြောင်း၊ အများပြည်သူနှင့်ဆိုင်သော နေ့ဖြစ်၍ အားလုံးချီတက်အလေးပြု နိုင်ကြောင်း၊ လုံးခြုံရေးတပ်ဖွဲ့များကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ လူစုလူဝေးနှင့် စုပေါင်းချီတက်မည့်အစီအစဉ်သည် ဒုတိယအကြိမ်ဆူပူအုံကြွ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်လိုက်ခြင်းပင်ဖြစ်သည်။ ဗ က ပ ယူဂျီများကလည်း ဒေါ်စုကြည်၏ အစီအစဉ်ကိုလိုက်နင်းပြီး လှုံဆော်ဖန်တီးမှုများပြုလုပ်ခဲ့ကြသည်။

တစ်နည်းအားဖြင့် အစိုးရနှင့် ပြည်သူလူထုကို ရန်တိုက်ပေးခြင်းပင်ဖြစ်သည်။
ထို့နောက် အာဇာနည်နေ့ ကျင်းပရေးဗဟိုကော်မတီသို့် NLD ဥက္ကဌဦးတင်ဦး လက်မှတ်ရေးထိုးပြီး စာတစ်စောင် ပေးပို့ခဲ့သည်။ နိုင်ငံရေးပါတီ (၁၀၄)ပါတီစုပေါင်းပြီး ပြည်သူလူထုနှင့် အတူချီတက်အလေးပြုရန်စုပေါင်းဆုံး ဖြတ်ထားကြောင်းဟု ဖော်ပြထားသည်။ ထိုစာကိုအောက်ခြေအဆင့်ဆင့်ရှိပါတီရုံးများသို့ လည်းဖြန့်သည်။ ပါတီရုံးများက မြို့နယ်များတွင် သတင်းဆက်လွှင့်သည်။ ၄င်းတို့အစီအစဉ်ဖြင့် မဖြစ်မနေချီတက်မည့်ပုံပေါ် နေပေသည်။

ဇူလိုင်လ(၁၈)ရက်နေ့ညတွင်NLDပါတီလူကြီးပိုင်းတစ်ညလုံးဆွေးနွေးကြသည်။ ၉၁၉)ရက်နေ့NLDအဖွဲ့ချုပ် ရုံး၌ အာရုံဆွမ်းကပ်အပြီးတွင် ဒေါ်စုကြည်က အာဇာနည် နေ့ချီတက်မည့်အစီအစဉ်ကို ဖျက်လိုက်ကြောင်းကပ် ပြီးမှပြောသည်။ အစိုးရက ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို သပိတ်မှောက်ကြောင်း ကြေညာချက်ထုတ်မည်ဟုပြောကာ ၄င်းကိုယ်တိုင်ရေသားသည်။ အစိုးရက်NLD အားဆူပူမှုဖန်တီးသည်ဆို သည့် အကြောင်းဖြင့် ဖျက်သိမ်းမည်ကို စိုးရိမ်ပြီး စာထုတ်ရန် လုပ်ခြင်းဖြစ်သည်။


သို့ရာတွင် အစီအစဉ်ဖျက်လိုက်သည်ကို အခြားပါတီများနှင့် အောက်ခြေမှ မသိခဲ့ကြပေ။ ရန်ကုန်မြို့အနှံ့ကြိုတင် လှုံ့ဆော်မှုအရ ချီတက်ရန်စုရုံးမှုများ ရှိလာကြသည်။ လုံခြုံရေးအဖွဲ့က တားဆီးရသဖြင့် အခြေအနေများရှုပ်ထွေးသွားခဲ့သည်။ တားဆီးထိန်းသိမ်း ခံရသူများ လည်းရှိခဲ့သည်။NLD နှင့်ဒေါ်စုကြည်၏ တို့မီးရှို့မီးလုပ်ပြီးခေါင်းရှောင်သွားမှုကို လူငယ်များနှင့် အခြားပါတီများက မကျေမနပ်ဖြစ်ခဲ့ ကြပေသည်။

NLD ပါတီ၏အမှားတော်ပုံများ(၈)

NLDသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေအရဖွဲ့စည်းပုံနှင့် တကွ တရားဝင် တင်ပြ၍ ဖွဲ့စည်းခွင့်ရထားသော ပါတီဖြစ်သည်။ သို့ရာတွင် မြေနီကုန်းအရေးအခင်း နှစ်ပတ်လည်နေ့ဆိုပြီး ဒေါ်စုကြည် ထင်ရာထလုပ်လိုက်ခြင်းသည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဆုံးဖြတ်ချက် မရယူပဲ လုပ်ခြင်းဖြစ်၍ ပါတီစည်းကမ်းအရ အရေးယူ သင့်သည့် ကိစ္စမျိုးဖြစ်သည်။ သို့ရာတွင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် အရုပ်များသာ ဖြစ်သည်။ ရုပ်ပြမျှသာ ဖြစ်နေပေသည်။

၎င်းအဖွဲ့ဝင်အများစုသည် အသက်လည်းကြီးပြီး နိုင်ငံရေးအရ ထင်ပေါ်မှုမရှိ ဖြစ်နေချိန်တွင် အရေးအခင်းနှင့်ကြုံ၍ နေရာရလာချိန်ဖြစ်သည်။ ထို့ကြောင့် ဒေါ်စုကြည်၏ အငြိုအငြင်ကို မခံရဲကြပေ။ ဒေါ်စုကြည်ငြိုငြင်ပါက ဦးအောင်ကြီးနှင့်အုပ်စုလို ပထုတ်ခံရမည်ကို စိုးရွံ့နေခဲ့ကြသည်။ ထို့ကြောင့် အပြစ်တင်စကား ပြောသည်ကိုပင် လေပြေထိုးပြီး ပြောခဲ့ကြရသည်။ ထို့ကြောင့် NLD CEC အား ယခုပြည်ပြေး ဖြစ်နေသူ မိုးသီးဇွန်က ကျောင်းထိုင်ဘုန်းကြီးမသိပဲ ဘာမှမလုပ်ရဲ မကိုင်ရဲ မဆုံးဖြတ်ရဲသော ကပ္ပိယနှင့် တူနေပြီဟု ဝေဖန်သုံးသပ်ခဲ့သည်။

မိုးသီးဇွန်က ၁၀.၂.၁၉၈၉တွင် "အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုနှင့် ဒေါ်စုကြည်အပေါ်သုံးသပ်ချက်" ခေါင်းစဉ်ဖြင့် စာတမ်းရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။ ၄င်းစာတွင် ပုဂ္ဂိုလ်ရေး ထိုးနှက်ချက် အချို့ပါသော်လည်း NLD ၏ ပကတိအခြေအနေမှန်ကို ထင်ဟပ်သည်ဟု ဆိုကြသည်။ ၄င်းစာတမ်းတွင် "NLDပါတီသည် ခေါင်းဆောင်ဆိုသူ အမျိုးသမီးကို ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်လွန်းနေကြောင်း၊ ယင်းသည် ကောင်းသည့်လက္ခဏာမဟုတ်ကြောင်း ၊ ပုဂ္ဂိုလ်ရေး ဆန်လွန်းလျှင် အဖွဲ့အစည်းပါ ကျဆုံးသွားနိုင်ကြောင်း ၊ NLDသည် ဆွမ်းလောင်းအသင်း ၊ သာရေးနာရေး အသင်း၊ ရေကြည်တော်ဝတ်အသင်း တစ်ခုထက်မပိုကြောင်း ၊ လူထုကို ကိုယ်စားမပြု၊ နိုင်ငံရေး ဦးဆောင်မှုမပေးပဲ ရွေးကောက်ပွဲကိုသာ အာရုံစိုက်လုပ်နေကြောင်း ၊ လူထုကနိုင်ငံရေး ပါတီတွေအပေါ် စိတ်ပျက်နေကြောင်း ၊ စည်းကမ်းရှိပါ၊ ညီညွတ်ပါဆိုသည့် အဘိဓမ္မာမှာ ကျဆုံးသွားပြီး ဖြစ်ကြောင်း ၊ ယင်းအဘိဓမ္မာဖြင့် ဒီမိုကရေစီကို မရနိုင်ကြောင်း ၊ လူတန်းစားပျက်ကြီးများနှင့် ထောင်ထားသည့် ပါတီဖြစ်၍ နိုင်ငံကို ခေါင်းမဆောင် နိုင်ကြောင်း"စသည်ဖြင့် ဝေဖန်သုံးသပ်ခဲ့သည်။

သို့သော် ဒေါ်စုကြည်နှင့် NLDက ဝေဖန်ရေးလက်မခံခဲ့ပေ။ မိုးသီးဇွန်၏ ဝေဖန်ချက်က ဒေါ်စုကြည်အား အနာပေါ်တုတ်ကျသလို နာသွားစေသည်။ နာလိုခံခက်ဖြင့် အမျက်ထွက်ခဲ့သည်။ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားသည်။ ဒေါ်စုကြည်၏ အတ္တမာနနှင့် မခံချင်စိတ်ကို နှိုးဆွသွေးထိုးပေးလိုက်သလို ဖြစ်ခဲ့လေသည်။ ယင်းသို့ မြှောက်သူကမြှောက် ၊ ချွန်တွန်းပင့်လုပ်သူက လုပ်နေကြသဖြင့် ဒေါ်စုကြည်က ပို၍ အရွဲ့တိုက်သလို လုပ်လာသည်။ နိုင်ငံရေးအရမပြောသင့်မဆိုသင့်သည်များဖြင့် ပြောမှားဆိုမှား ဖြစ်ခဲ့ သည်။ NLD CEC အဖွဲ့က မူ ဒေါ်စုကြည်ကို မျောက်ပြဆန်တောင်း လုပ်ကောင်း ခဲ့ကြပေသည်။

NLD ပါတီအမှားတော်ပုံများ (၇)

NLDမှ ဦးအောင်ကြီးကို ဖယ်ထုတ်ပြီးနောက်ပိုင်း၌ ဒေါ်စုကြည်၏ သြဇာပိုကြီးလာခဲ့သည်။ အမာခံအင်အားအဖြစ် အရေးအခင်းကာလ ဆူပူလှုပ်ရှားသူများကို တိုးချဲ့အသုံးပြုလာသည်။ NLDအတွင်းမှ လက်ဝဲသမား ကွန်မြူနစ်များက ဦးအောင်ကြီးကို ရှင်းပစ်နိုင်ခဲ့ပြီး ဆက်၍ မျိုးချစ်ရဲဘော်ဟောင်း အမည်ခံ ဘောင်းဘီချွတ်နှင့် ဗိုလ်ပြုတ်များကို ဖြိုနိုင်မှ NLDကိုအပိုင်စီးနိုင်မည်ဟု တွက်ခဲ့ကြသည်။ ဤသို့ဖြင့် မျိုးချစ်ရဲဘော်ဟောင်း အဖွဲ့မှ ဦေးအာင်ရွှေ ၊ ဦးချစ်ခိုင် စသူတို့သည် NLDလက်ဝဲအုပ်စု၏ ဒုတိယပစ်မှတ်ဖြစ်လာပေသည်။
ထိုကာလတွင် ၃.၂.၁၉၈၉ ရက်နေ့၌ဦးကိုယု (စာရေးဆရာမောင်ကိုယု) က NLDဦးစီး အဖွဲ့သို့ "လက်ရှိအခြေအနေနှင့် နောင်အနာဂတ် အလားအလာအတွက် သုံးသပ်ချက် "ဟူသည့် စာတမ်း တင်သွင်းခဲ့သည်။ ၄င်းစာတမ်းတွင် ဖိနှိပ်ချုပ်ချယ်ထားသော အမိန့်များကို ရုပ်သိမ်းရေး ၊ တိုက်ပွဲပုံစံကို တစ်ဆင့်ချင်း တိုးမြှင့်ရေး၊ လက်အောက်ခံ မြို့နယ်အဖွဲ့များ မဟာမိတ်ပါတီများနှင့်းပေါင်းပြီး လက်ကိုင် ပိုစတာ လည်ချိတ်ပိုစတာများ ဆွဲပြီး နှစ်ပတ်လည် ဆန္ဒပြမှုများ ပြုလုပ်ရမည်ဟုရေးသားထားသည်။

ယင်းသည် အာဏာဖီဆန်ရေးအကြမ်းဖက် စီမံချက်ပင်ဖြစ်သည်။ ဦးကိုယုမှာ အလံနီကွန်မြူနစ်ဖြစ်ရာ အလံနီတစ်ဦး၏ စီမံချက်ကို လက်ခံလိုက်လျင် ဗ က ပ အနွယ်များ သိက္ခာကျနိုင်သဖြင့် ထိုစီမံချက်ကို တတ်သိ ဗ က ပအုပ်စုက အာဏာဟူသမျှဖီဆန်ကြ ဆောင်ပုဒ်ဖြင့် အစားထိုးခဲ့ကြသည်။

တတ်သိ လက်ဝဲအုပ်စုသည်ဒေါ်စုကြည်အားပါတီအနေဖြင့် ပြည်သူလူထု အထင်ကြီးစေမည့် လှုပ်ရှားမှု ( Movement) များပြုလုပ်နိုင်မှ အသက်ဝင်နေမည်ဖြစ်သည်ဟု ၀ိုင်းပြောလာကြသည်။ ယခင် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် လုပ်ခဲ့ဖူးသူ ဦးဝင်းတင်ကလည်း ၁၈၄၁ခုနှစ်က ပေါ်ထွက်ခဲ့သည့် အမေရိကန် တွေးခေါ်ပညာရှင် ဒေးဗစ် သော်ရိုး ၏ ရေးသားချက်များကို ကိုးကားပြီး အမိန့်အာဏာဖီဆန်ရေး ကိစ္စများကို နားချခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ခုနှစ် ဇွန်လတွင် ဦးဘသော် ( စာရေးဆရာ မောင်သော်က) က ဒေါ်စုကြည် အားဒေးဗစ်သော်ရိုး၏ စာပိုက်များကို ရွတ်ပြခဲ့သည်။ NLD တတ်သိ အုပ်စုဝင် မောင်သော်က ၊ ဒေါ်မြင့်မြင့်ခင် ၊ စမ်းစမ်းနွဲ့( သာယာဝတီ) ၊ မောင်ကိုယု၊ မောင်ဝံသ ၊ မောင်ခက်ပန်၊ တင်မိုးတို့က Civil Disobedience လိုင်းကို တင်ခဲ့ကြသည်။ ဦးဝင်းတင်ကလည်း ဒေါ်စုကြည်၏ တာဝန်ပေးအပ်ချက်အရ "အများသဘောမတူပဲ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ"ဟူသော ကြွေးကြော်သံကို တင်ပြရာ အားလုံးက လက်ခံ အတည်ပြုခဲ့ကြသည်။ ဤသို့ဖြင့် အာဏာဖီဆန်ရေး လုပ်ရပ်ကို အဆက်မပြတ် ဆက်တိုက် လုပ်လာခဲ့တော့သည်။

ပြည်ထဲရေးဝန်ကြီးဌာနက ပါတီအဖွဲ့အစည်းများ ပါတီတွင်းစည်းရုံးရေး အတွက် ရေးသားဖြန့်ဝေမည့် စာရွက်စာတမ်းများ ကိစ္စနှင့် စပ်လျဉ်းပြီး မှတ်ပုံတင် ကင်းလွတ်ခွင့်ရယူရန် ကြေငြာခဲ့သည်။ NLDက ထိုကင်းလွတ်ခွင့်ကို ရယူရန်မလို ၊ ကိုယ့်စိတ်ကြိုက် ရေးသားထုတ်ဝေ နိုင်သည်ဟု ပြောကာ ဖီဆန်ခဲ့သည်။ ပါတီ၏ စည်းရုံးရေးကို ဆန့်ကျင်ရေးနှင့် တွဲပြီး လုပ်ခဲ့သဖြင့် NLD သည် ကိုယ့်ရှူးကိုယ်ပတ် ကိုယ့်လက်ကိုမနိုင် ဖြစ်လာခဲ့သည်။

NLD ပါတီအမှားတော်ပုံများ (၆)

ဦးအောင်ကြီးအုပ်စု NLDမှထွက်သွားရခြင်း နောက်ကွယ်မှ အဓိပ္ပာယ်သည် ပါတီတွင်း၌ ကွန်မြူနစ်ပဲရှိရှိ CIA၏ ငယ်မွေးခြံပေါက် များပဲရှိရှိ ကိုယ့်အုပ်စုအင်အား တောင့်အောင် လုပ်ရေးသည်သာ အဓိက ဖြစ်လာခဲ့သည်။ ဗ က ပ အနွယ်အုပ်စုများက ဒေါ်စုကြည်၏ ပုဂ္ဂိုလ်ရေး သြဇာကိုအသုံးချပြီး ဦးအောင်ကြီးအုပ်စုအား အလဲထိုးလိုက်ခြင်း ဖြစ်သည်။ နောက်ပိုင်း၌ ဒေါ်စုကြည်သည် NLDအတွင်းတွင် လုပ်ချင်တာ လုပ်၍ ရသွားသည့်အနေအထားကိုရရှိလာခဲ့သည်။

ဒေါ်စုကြည်သည် ၄င်းနောက်၌အင်းအားရှိအောင် နိုင်ငံရေးခံယူချက် ကောင်းသူရော မကောင်းသူများကိုပါ လက်ခံစည်းရုံးထားလာသည်။ အမာခံ အင်အားအဖြစ် အရေးအခင်းကာလ ဆူပူမှုတွင် လူတွင်ကျယ်လုပ်ခဲ့သူများ ကိုတိုးချဲ့အသုံးပြုလာသည်။ ထိုစဉ်ကNLDဌာနချုပ် တက္ကသိုလ်ရိပ်သာလမ်းခြံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ် ) အဖွဲ့နှင့် သုံးရောင်ခြယ်အဖွဲ့ဟူ၍ ၂ဖွဲ့ထားရှိခဲ့သည်။

NLD (လူငယ်) အဖွဲ့က နိုင်ငံရေးလုပ်ရန်ဖြစ်ပြီး သုံးရောင်ခြယ် လူငယ်အဖွဲ့က ဒေါ်စုကြည်၏ လုံခြုံရေးလုပ်ရန် အတွက် ဖြစ်သည်။ လူငယ်တော်တော်များများ ခြံထဲတွင်ပင် ညအိပ်ညနေ နေခဲ့ကြသည်။ ၄င်းလူငယ်များသည် အရေးအခင်းကာလ၌ ပြစ်မှူကျူးလွန် ခဲ့သဖြင့် ဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်ပြီး ခြံရိပ်ခိုသူများ ၊ တောတွင်း သောင်းကျန်သူအဖွဲ့များထံ ရောက်သွားပြီး တရားမ၀င် ပြန်လည်ခိုလှုံလာသူဖြစ်ကြောင်း တွေ့ရသည်။ ထိုလူငယ်များအချင်းချင်း နေရာလုမှူပြဿနာမှအစ လူမှုရေး ဖောက်ပြန်မှူ ပြဿနာများ တက်လာသည်။ နောက်ပိုင်း၌ လူငယ်အဖွဲ့ကို ပါတီထဲ ဆက်ထားပြီး သုံးရောင်ခြယ်အဖွဲ့ကို ပါတီမှ လက်တွဲဖြုတ်ခဲ့သည်။

သုံးရောင်ခြယ် အဖွဲ့ကို လက်တွဲဖြုတ်ခဲ့သည့် အကြောင်းအရင်းအမှန်မှာ ၄င်းအဖွဲ့က မြေအောက်လှုပ်ရှားမှုများ လုပ်ရင်းအချို့ အဖမ်းခံရသဖြင့် ပါတီနှင့် လာပတ်သတ်မှာ စိုး၍ဖြစ်သည်။ သုံးရောင်ခြယ်အဖွဲ့ခြံထဲမှာ မရှိတော့သော်လည်း အမှန်တစ်ကယ် အဆက်အသွယ်မပြတ်ခဲ့ပေ။ ခြံထဲသို့ အမြဲဝင်ထွက်သွားလာခဲ့ကြသည် သာဖြစ်သည်။

ယင်းဖြစ်ရပ်၏ နောက်ကွယ်မှ ဖြစ်စဉ်အရ တရားဝင်နိုင်ငံရေးလုပ်ရန် NLD (လူငယ်)အဖွဲ့ကို ထားရှိပြီး တရားမ၀င် လှုပ်ရှားမှုလုပ်ရာတွင် ပါတီနှင့် မပတ်သက်သည့် သဘော ရောက်အောင် သုံးရောင်ခြယ်အဖွဲ့ကို မွေးထားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ NLDသည် တပ်မတော်အစိုးရအား ရည်ရွယ်ချက်ရှိရှိဖြင့် ဆန့်ကျင်တိုက်ခိုက်ရန် အတွက်တရားဝင် နိုင်ငံရေး လုပ်မည့် လမ်းကြောင်းနှင့် တရားမ၀င်နိုင်ငံရေးလှုပ်ရှားမည့် လမ်းကြောင်းကို ချမှတ်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။

ထိုလမ်းကြောင်းသည် ဒေါ်စုကြည်၏ အုပ်စုတွင်ပါဝင်သည့် ကွန်မြူနစ် ဟောင်းများနှင့် ကွန်မြူနစ်လိုလားသူများ ၏ နိုင်ငံရေးလမ်းကြောင်းပင်ဖြစ်သည်။ တိုက်ကွက် ခင်းကျင်းပုံကို ကြည့်ပါက ဗ က ပ ၏ နည်းလမ်းနှစ်သွယ် ဖြစ်သည့် မြေပေါ်မှ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းနှင့် မြေအောက်မှ တရားမ၀င်နိုင်ငံရေး နည်းလမ်းဖြင့် တိုက်ပွဲဝင်ခြင်းဟူသည့် နည်းဗျူဟာအတိုင်း ဖြစ်နေသည်ကို တွေ့ရှိနိုင်ပေသည်။ ဦးအောင်ကြီးစွပ်စွဲခဲ့သည့် အတိုင်း NLDဗဟိုကို ဗ က ပ အနွယ်များ ၀င်စီးထားသည် ဆိုသည်မှာ အမှန်ပင်ဖြစ်ပါပေ၏။

NLD ပါတီအမှားတော်ပုံများ (၅)

NLD အတွင်းကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူဖယ်ရှားပေးရေးတို့သည် ဥက္ကဌအောင်ကြီးက အထွေထွေ အတွင်းရေးမှူးဒေါ်စုကြည်အာ သဘောထားပေးသလို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသဘော ထားကို အထွေထွေ အတွင်းရေးမှူးက လက်မခံသောအခါ ပါတီတွင်းဂိုဏ်းဂဏအုပ်စု တိုက်ပွဲဖြစ်လာခဲ့သည်။

ဒီမိုကရေစီကျင့်စဉ်အရ ကြည့်လျှင်ယင်းကဲ့သို့ပါတီတွင်း သဘောထား ကွဲလွဲမှုကို ပါတီဗဟို ဦးစီးကော်မတီအဆင့် သို့မဟုတ် ဖြစ်နိုင်ပါက ပါတီညီလာခံ အဆင့်တွင် ဆန္ဒယူပြီးမှ အဆုံးအဖြတ်ပေးရမည့် လုပ်ထုံးလုပ်နည်းရှိပေသည်။ သို့ရာတွင် ပါတီဝင်ထု၏ ဒီမိုကရေစီပိုင်ခွင့်ကို ဘေချိတ်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီအဆင့်နှင့် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

၃.၁၂.၈၈ရက်နေ့တွင် ဤကိစ္စနှင့်ပက်သက်ပြီး NLDဌာနချုပ် ဗဟိုဦးစီး အစည်းအဝေး၌ တင်သွင်းပြီး လျို့ဝှက်မဲခွဲ ရန်ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်။ ဤသို့မဲခွဲရာ၌ ရှုံးသူထွက်ရမည်ဟု ကြိုတင်သဘောတူခဲ့ကြောင်း ဒေါ်စုကြည်တို့ဘက်က နောက်ပိုင်းတွင် ပြောခဲ့သည်။

ဦးအောင်ကြီးအနေဖြင့် ပါတီတွင်းကွန်မြူနစ်ဖယ်ရှားရေးတွင် ၄င်း၏အုပ်စုဝင် ၁၄မဲနှင့်ဦးတင်ဦး အုပ်စုမှ ၁၄မဲကိုပါရလိမ့်မည်ဟု ကြိုတွက်ခဲ့ပုံရသည်။ ယင်းအစည်းအဝေး၌ ကွန်မြူနစ်ဟုစွပ်စွဲခဲ့ရသူများက ၄င်းတို့ ကွန်မြူနစ်မဟုတ်ကြောင်းငြင်းကြသည်။ အချို့က လည်း တစ်ချိန်ကဟုတ်ခဲ့သည်။ ယခုမဟုတ်တော့ဟုဆိုခဲ့ ကြသည်။

မဲခွဲသောအခါ ဦးအောင်ကြီး၏ အဆိုကို ဒေါ်စုကြည်အုပ်စုမှ ၁၄မဲ၊ ဦးတင်ဦးအုပ်စုမှ ၁၄မဲနှင့် ဦးအောင်ကြီးအုပ်စုမှ တစ်မဲ (ဦးကြည်မောင်) တို့က ဆန့်ကျင်မဲပေးခဲ့ကြသည်။ ယင်းသို့ ဖြစ်ရခြင်းသည် ဦးတင်ဦးအုပ်စုမှ မျိုးချစ်ရဲဘော်ဟောင်း ဆိုသူ များက ဦးအောင်ကြီးအပေါ် တင်နေသည့် အာဃာတကြောင့် ဖြစ်သည်။ ဖဆပလ နှစ်ခြမ်းကွဲသည့် ကာလ အိမ်စောင့်အစိုးရ တာဝန်ယူရစဉ် ၁၉၆၀ပြည့်နှစ်၌ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ သန့်ရှင်းဖဆပလ နှင့် တည်မြဲဖဆပလတို့ ယှဉ်ပြိုင်ကြသည်။ ကာကွယ်ရေးဦးစီးချုပ်က တပ်မှူး များအား ဘက်မလိုက်ကြရန်နှင့် ရွေးကောက်ပွဲတွင် ၀င်မစွက်ဖက်ကြရန် ညွှန်ကြားတားမြစ်ခဲ့သည်။

သို့ရာတွင် ဆိုရှယ်လစ်ပါတီဝင် တပ်မှူးကြီးအချို့က တည်မြဲဘက်မှ ၀င်ရောက်စွက်ဖက်ခဲ့ကြသည်။ ယင်းကိစ္စပေါ်လာသဖြင့် တပ်မှူးအများအပြားတပ်မှ ထွက်သွားရသည်။ အချို့ကို သံအမတ် ၊ အချို့ကို စစ်သံမှူး အဖြစ်ပြောင်းရွှေ့ ပစ်ခဲ့သည်။ထိုစဉ်က ဦးအောင်ကြီးသည်လည်း ဆိုရှယ်လစ်ပါတီဝင် (တည်မြဲဖဆပလမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ လူ ) ဖြစ်ခဲ့သော်လည်း ဦးအောင်ရွှေတို့ လူသိုက်သာ အပြစ်ရောက်သွားပြီး ဦးအောင်ကြီး အရေးယူမခံရသဖြင့် အစာမကျေပဲ မကျေမနပ်ဖြစ်ကာ အာဃာတ ထားရှိခဲ့ခြင်း ဖြစ်သည်။ ယခု NLD ဗဟိုဦးစီးအဖွဲ့ မဲခွဲဆုံးဖြတ်မှု ပြုရာ၌ ထိုအာဃာတ ပေါ်လာခဲ့သည်။

ဤသို့ဖြင့် ဦးအောင်ကြီးအဆို ရှုံးသွားသည်။ NLDက ၁၃.၁၂.၈၈ ရက်နေ့တွင် ဦးအောင်ကြီး အုပ်စုတစ်ခုလုံး( ဦးကြည်မောင်မှအပ ) ကို ၄င်းပါတီမှ ထုတ်ပစ်လိုက်ကြောင်း ကော်မရှင်သို့ တင်ပြသည်။ ဦးအောင်ကြီးကလည်း ကွန်မြူနစ်ဖယ်ရှားရေး ၊ မဖယ်ရေး မဲခွဲရုံဖြင့် ဥက္ကဌအဖြစ်မှ ပြုတ်စရာမလိုဟု ခြေပကာ ကော်မရှင်သို့ စာတင်သည်။ ဦးအောင်ကြီးက NLDမှ နှုတ်ထွက်မှူမပြုပဲ တင်းခံခဲ့သော်လည်း မပိုင်ဝက်မွေး သလိုဖြစ်ကာ နောက်ဆုံး အားလျှော့ပြီး ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီပါတီကို ခွဲထွက် ထူထောင်ခဲ့သည်။ ယင်းသည် ဒီမိုကရေစီ ဟုတွင်တွင်ကြွေးကြော်နေပြီး လက်တွေ့ဘ၀၌ ဒီမိုကရေစီကျင့်စဉ် ယုံကြည်စွာ မကျင့်သုံးရဲပေ။

NLD ပါတီ၏ အမှားတော်ပုံများ (၄)

ထို့ကြောင့်လည်း ဒေါ်စုကြည်က ဦးအောင်ကြီးအား အပေါ်စီးမှ ဆက်ဆံ ခဲ့သည်။ ထိုကာလက ပြင်ဦးလွင်ဘက်သို့ ပါတီစည်းရုံးရေးကိစ္စနှင့် ရောက်နေသော ဥက္ကဋ္ဌ ဦးအောင်ကြီးအား အထွေထွေအတွင်းရေးမှူး ဒေါ်စုကြည်က ဌာနချုပ်သို့ ပြန်လာရန် စာပို့၍ အကြောင်းကြားရာတွင် ဌာနချုပ်၌ အရေးကြီးသဖြင့် ဥက္ကဋ္ဌဦးအောင်ကြီး အမြန်ပြန်လာပါရန် ညွှန်ကြားလိုက်သည်ဟူ၍ ရေးသားလိုက်ကြောင်း သိရပေသည်။ ဥက္ကဋ္ဌလုပ်သူကို အတွင်းရေးမှူးဖြစ်သူက ညွှန်ကြားချက်ထုတ်သည့် သဘောဖြစ်နေပေသည်။

ဦးအောင်ကြီးကလည်း ခေသူမဟုတ်၊ ၂၉-၁၁-၈၈ ရက်နေ့စွဲဖြင့် ဒေါ်စုကြည်ထံ အရေးပေါ်သုံးသပ်ချက်ကို ပေးပို့ခဲ့သည်။ စာပါ အဓိကအချက်မာ ဗဟိုဦးစီး အဖွဲ့ဝင်ရှစ်ဦးသည် ကွန်မြူနစ်ဟောာင်း ကွန်မြူနစ်လိုလားသူများဖြစ်၍ NLDမှ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ဖြစ်သည်။ အချက်အလက်များကို အပြည့်အစုံ ဖော်ပြရလျှင် -

(၁) NLD တွင် ကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူအုပ်စု ကြီးထွား နေသည်။

(၂) အဖွဲ့ချုပ်အောက်ခြေတွင် မြေပေါ်မြေအောက် (အိုဂျီနှင့်ယူဂျီ)များ ပေါ်ပေါက်လှုပ်ရှားနေသည်။

(၃) ယင်းအခြေအနေကို အကြောင်းပြု၍ ရွေးကောက်ပွဲနီးချိန်တွင် သက်ဆိုင်ရာက ပင်ဖျက်နိုင်သည်။ ငွေရေး ကြေးရေးကိစ္စ ဖြင့်လည်း ပါတီပယ်ဖျက်ခံရနိုင်သဖြင့် တိုင်းနှင့်ပြည်နယ်များတွင် စာရင်းများ စစ်ဆေးပြီး ဖြစ်သင့်သည် ။

(၄) အောင်-စု-တင် မကွဲရန် အထူးဂရုစိုက်သင့်သည် ။

(၅) အောင်-စု-တင် အဖွဲ့အတွင်းမှ ကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူဟု ယူဆရသူများကို အနားယူရန် မေတ္တာရပ်ခံသင့်သည်။

(၆) ခြေမမြဲ ၊ လက်မမြဲဖြစ်ရန် NLDတွင် အရန်အဖွဲ့ရှိသင့်သည် ။

(၇) ပြည်ထောင်စုအမျိုးသား ဒီမိုကရေစီပါတီသည် အရန်အဖွဲ့သာဖြစ်၍ NLD၏ အလံအောက်တွင် ရှိသည် ။

(၈) ပြည်ထောင်စုအမျိုးသား ဒီမိုကရေစီပါတီသည် အမျိုးသား တပ်ပေါင်းစုဝင် အဖွဲ့အစည်းတစ်ခုအဖြစ် လှုပ်ရှားမည်ဟူ၍ ဖြစ်သည်။

နောက်ပိုင်း လက်တွေ့ဖြစ်စဉ်၌ ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီသည် ဦးအောင်ကြီး၏ ခြေမမြဲ လက်မမြဲအရန်ပါတီ ဖြစ်လာသည်။ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က ဦတင်ဦး၏ အရန်ပါတီဖြစ်လာသည်။ ထို့အတူ ပြည်ပြေးစိန်ဝင်း (ဒေါ်စုကြည်၏ မောင်ဝမ်းကွဲ)၏ အမျိုးသားဒီမိုကရေစီပါတီကလည်း ဒေါ်စုကြည်၏ အရန်ပါတီ ဖြစ်ခဲ့သည် ။

အဆိုပါ ဦးအောင်ကြီး၏ အရေးပေါ်သုံးသပ်ချက်ကို NLD အတွင်းမှ သက်ဆိုင် သူများက ဆတ်ဆတ်ခါ နာခဲ့ကြသည်။ ဦးအောင်ကြီးက ကွန်မြူနစ် သို့မဟုတ် ကွန်မြူနစ် လိုလားသူများဟု စွပ်စွဲခံရသူများတွင် ဒေါ်စုကြည်အုပ်စုမှ (၁) ဦးကိုယု၊ (၂)ဒေါ်မြင့်မြင့်ခင် ၊ (၃) ဦးမိုးသူ၊ (၄)ဦးဝင်းတင်၊(၅) ဦးတင်ရွှေ (မုံရွာ)၊ (၆)ဦးထွန်းတင်၊ (၇)ဦးအောင်လွင်၊(၈) ဦးချမ်းအေး တို့ ပါဝင်သည်။ ဒေါ်စုကြည်က ၄င်း၏ အမာခံတတ်သိပညာရှင်အုပ်စုမှ လူများကို စွပ်စွဲသဖြင့် ဒေါသူပုန် ထခဲ့သည် ။

NLD ဗဟို၌ အုပ်စုလွန်ဆွဲပွဲ ဖြစ်လာသည်။ ဒေါ်စုကြည်ကလည်း ၄င်းကို ဆရာကြီး လုပ်နေသော ဦးအောင်ကြီးကို ကန်ထုတ်ချင်နေချိန်ဖြစ်သည် ။၎င်းအုပ်စုမှ လက်ဝဲသမား တတ်သိများကလည်း ဦးအောင်ကြီးကို လုံးဝ မလိုလားပေ။ ဦးတင်ဦးအုပ်စုမှ ဦးအောင်ရွှေတို့ မျိုးချစ်ရဘော်ဟောင်းများအဖွဲ့ကလည်း ဦးအောင်ကြီးအပေါ် အာဃာတ ရှိထားခဲ့သည် ။

NLD ပါတီ၏ အမှားတော်ပုံများ (၃)

တပ်မတော်အစိုးရသ်ည ၁၉-၉-၈၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန် မေတ္တာရပ်ခံခဲ့သည်။ ၂၇-၉-၈၈ ရက်နေ့၌ နိုင်ငံရေးပါတီအား မှတ်ပုံတင်ခြင်း ဥပဒေကို ပြဋ္ဌာန်း ကြေညာခဲ့သည် ။

၃-၁၀-၈၈ ရက်နေ့တွင် ဒီမိုကရေစီပါတီကို မှတ်ပုံတင်ခွင့်ပြုကြောင်း စတင် ကြေညာသည် ။ ထိုနေ့မှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို မှတ်ပုံတင် ခွင့်ပြုကြောင်း ဆက်လက်ကြေညာသည်။ နိုင်ငံရေးပါတီ ၂၃၅ ပါတီအထိ မှတ်ပုံတင် ခွင့်ပြု ခဲ့သည်။

NLD ကို ၃၀-၉-၈၈ ရက်နေ့မှစပြီး မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က NLD ဌာနချုပ် လိပ်စာမှာ အမှတ်(၄၄)၊ တက္ကသိုလ်ရပ်သာလမ်း၊ ရန်ကုန် ဖြစ်သည် ။NLDကို ဒီချုပ်ဟူ၍လည်းကောင်း၊ အောင်-စု-တင် ဟူ၍ လည်းကောင်း၊ လူသိများခဲ့သည် ။ မှတ်ပုံတင် စဉ်က NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များမှာ -

(၁) ဦးအောင်ကြီး ဥက္ကဋ္ဌ

(၂) ဦးတင်ဦး ဒုဥက္ကဋ္ဌ

(၃) ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှူး

(၄) ဦးကြည်ဟန် အတွင်းရေးမှူး(အဖွဲ့ဝင်)

(၅) ဦးချစ်ခိုင် အတွင်းရေးမှူး(အဖွဲ့ဝင်)

(၆) ဦးဝင်တင် အတွင်းရေးမှူး(အဖွဲ့ဝင်)

(၇) ဒေါ်မြင့်မြင့်ခင် စည်းရုံးရေးဌာနမှူး

(၈) ဦးလွင် ဘဏ္ဍာရေးမှူး

(၉) ဦးအောင်လွင် ပြန်ကြားရေးဌာနမှူး

(၁၀) ဦးအောင်ရွှေ စည်းရုံးရေးဌာနမှူး

(၁၁) ဦးကြည်မောင်` သုတေသနဌာနမှူးနှင့်

(၁၂) ဦးဘရွှေ အုပ်ချုပ်ရေးဌာနမှူး တို့ ဖြစ်ကြသည်။

NLD သည် အရေးအခင်းကာလတွင် လူရှေ့ထွက် ဟုန်ရေးပြခဲ့သော ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်စုကြည်တို့ အုပ်စုသုံးခု စုပေါင်းဖွဲ့ခဲ့သော ပါတီဖြစ်သည်။ ဦးအောင်ကြီးသည် ၀ါရင့် ဒုကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်ပြီး သခင်အောင်ကြီး(ပေါင်း တည်) အမည်ဖြင့် နိုင်ငံရေးလုပ်ခဲ့ဖူးသူ ဆိုရှယ်လစ်ပါတီလည်း ဖြစ်သည်။ အရေးအခင်း ဖြစ်လုကလေး၌ စာတို စာရှည်များ ပလူပျံအောင် ရေးပြီး ပေါ်ပြူလာဖြစ်အောင် လုပ်ခဲ့သူ ဖြစ်၍ NLD ၏ ဦးစီးဦးကိုင်အဖြစ် ကိုယ့်ကိုကိုယ် သဘောထားခဲ့သည်။ NLD ၌ ဦးအောင်ကြီးနှင့် ၄င်း လူ ၁၃ဦး၊ စုစုပေါင်း ၁၄ဦး ပါဝင်ခဲ့သည် ။

ဦးတင်ဦးကလည်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖြစ်ပြီး ၊ ၄င်းနောက်၌ မျိုးချစ် ရဲဘော်ဟောင်းများအဖွဲ့ ရှိနေ၍ ကိုယ့်ကိုကိုယ် ထိုးထွက်ခဲ့သူ ဖြစ်သည်။ ဦးတင်ဦးအုပ်စုတွင် အခြားမျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ဝင် ၁၃ဦးပါဝင်သည်။ ဒေါ်စုကြည်ကလည်း ၄င်းသည် ဗိုလ်ချုပ်အောင်ဆန်း၏သမီး၊ အောက်စဖို့ဒ်တက္ကသိုလ်ထွက်၊ နိုင်ငံခြားမှ လိုလားထောက်ခံသူ၊ ရွှေတိဂုံ၊ အနောက်ဘက်မုဒ် လူထုအစည်းအဝေးတွင် ဟောပြောစဉ် တက်ရောက်သော ပရိသတ်မှာ ဦးအောင်ကြီး၊ ဦးတင်ဦးတို့အဖွဲ့ထက် ပိုများသည်။ ထို့ကြောင့် မိမိသာလျှင် NLD၌ ပဓါနအကျဆုံးဟု ယူဆခဲ့သည်။

NLD ပါတီ၏ အမှားတော်ပုံများ (၂)

၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကလည်း သူ့အကြံနှင့်သူ ဖြစ်သည်။ လောလောဆယ် ကြားဖြတ်အစိုးရ အာဏာခွဲတမ်းဝင်ယူမည်၊ နောက်မှ လက်ယာအုပ်စုကို ကန်ထုတ်မည်။ လက်ယာဝါဒီများကလည်း ချဉ်ချဉ်တူးတူး မူးပြီးရော သဘောထားခဲ့ကြသည်။ ဗကပ အပါအ၀င် လက်ဝဲ၀ါဒီများကို မချစ်သော်လည်း အောင့်ကာနမ်ခဲ့သည်။ နောင်ကျမှ ပြည်ပဆရာကြီးများ အကူအညီဖြင့် လက်ဝဲများ၊ လက်စတုံး ချေမှုန်းပစ်မည်။ အကယ်၍သာ မဆလအစိုးရက ၄င်းအုပ်စုလက်ထဲသို့ ကြားဖြတ် အစိုးရအာဏာထိုးအပ်မိခဲ့လျှင် ရက်ပိုင်းအတွင်းမှာပင် အုပ်စုများကွဲပြီး အချင်းချင်း အာဏာ လုကြမည်။ လက်ယာအုပ်စုကလည်း ၀ှက်ဖဲကိုင်ထားသည်။ ၄င်းတို့အတွက် ပြည်ပမှ နယ်ချဲ့လက်သစ် တပ်များက ကျူးကျော်ဝင်ရောက်ပေးမည်။ ယင်းသို့သာ ဖြစ်ခဲ့ပါက မြန်မာ နိုင်ငံသည် ဘော့စနီးယာနိုင်ငံထက် (၂)နှစ်၊ (၃)နှစ်စောပြီး သွေးချောင်းစီးမည့် အနေအထား ဖြစ်သည်။ တပ်မတော်က အချိန်မီ လက်မတင်ကလေး ကာကွယ်စောင့်ရှောက်နိုင်ခဲ့၍သာ နိုင်ငံနှင့်လူမျိုး ကိုယ်ကျိုးမနည်းခဲ့ရခြင်း ဖြစ်ပေသည်။

အရေးအခင်းကာလတွင် ဒေါ်စုကြည်သည် ပါတီမထောင်၊ နိုင်ငံရေးမလုပ်၊ သားနှစ်ယောက်ပညာရေးအတွက် အင်္ဂလန်ပြန်မည်ဟု ပြောခဲ့သည်။ ဦးတင်ဦးကလည်း ပါတီင်္မထောင်ဟုပင် ၂၇-၈-၈၈ ရက်နေ့၌ ပြောခဲ့သည်။ သို့သော် နောက်တစ်ရက်မှာ ၂၈-၈-၈၈ နေ့ နံနက်(၁၀)နာရီတွင် ဦးနုက ၄င်းဖွဲ့သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့တွင် အထွေထွေအတွင်းရေးမှူး နေရာပေးလိုက်သည်နှင့် အပြေးအလွှား လက်ခံခဲ့သည် ။

အမေရိကန်ကွန်ဂရက်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာကော်မတီ ဥက္ကဋ္ဌ စတီဗင်ဂျေဆိုလာဇ် မြှောက်ထိုးပင့်ကော် လုပ်သွားသည့်အတိုင်း ဦးနုက သူများထက် ဦးအောင် ၉-၉-၈၈ ရက်နေ့၌ စစ်ကြိုအစိုးရဟူ၍ ဖွဲ့သည်။ ထိုအဖွဲ့တွင် ပထစဟောင်းများ အပြင်၊ သခင်ချစ်မောင်က လယ်ယာသစ်တောဝန်ကြီး၊ ဦးတင်ဦးက ကာကွယ်ရေးဝန်ကြီး၊ ဦးအောင်ရွှေက ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးများ ယူခဲ့ကြသေးသည်။ မကြာခင် ဟန်ပုံ မပေါ်တော့မှ နှုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

NLD ကို အုပ်စုသုံးစုဖြင့် တည်ထောင်ခဲ့သည်။ ဦးအောင်ကြည်အုပ်စု၊ ဦတင်ဦး အုပ်စုတို့တွင် တပ်မတော်အရာရှိဟောင်း အများဆုံးပါသည်။ တပ်ပြုတ် ၊ မဆလပြုတ်၊ ဌာနဆိုင်ရာအပြုတ်အများဆုံးဖြစ်သည်။ ဒေါ်စုကြည်အုပ်စုတွင် ထိုစဉ်က ၄င်းကို မြှောက်ပင့် ကပ်ဖားနေသော လက်ဝဲသမားများ အများဆုံးပါသည်။ မြန်မာနိုင်ငံသို့ သူစိမ်းပမာ ပြန်ရော လာစဖြစ်၍ ဒေါ်စုကြည်က တတ်သိဆိုသူ လက်ဝဲသမားများကို ဘုမသိ ဘမသိနှင့် လက်ခံ ခဲ့ခြင်းဖြစ်သည်။တတ်သိပညာများအုပ်စုတွင် သတင်းစာဆရာ၊စာရေးဆရာ၊ ရှေ့နေ၊ ကျူရှင်ဆရာ နှင့် အစိုးရ၀န်ထမ်းဟောင်းများ ပါသည်။ ထို့ပြင် NLDထဲ၌ လက်ဝဲလက်ယာ မြေပေါ်ပါတီတို့မှ ပါတီဝင်ဟောင်းများ၊ တောပြန်လက်နက်ချ အလင်းဝင် ဗကပ လူငယ်များ၊ အလံနီထွက်များ၊ ပြည်ပြေးဟောင်းများ ဟူသည့် နိုင်ငံရေးသမားများလည်း ပါနေပေသည်။

ယင်းသို့ များပြားသော ၊ မတူညီသော အုပ်စုခွဲငယ်များသည် NLD ပါတီ၌ ပါဝင်နေသော်လည်း သီခြားရပ်တည်ချက်၊ သီးခြားအမြင်များဖြင့် ယာယီမဟာမိတ် ဖွဲ့ထားခြင်း ဖြစ်သည် ။

NLD ပါတီ၏ အမှားတော်ပုံများ(၁)

ယနေ့မြန်မာနိုင်ငံ၌ တရားဝင်တည်ရှိနေသည်ဆိုသည့် NLDပါတီသည် စကတည်းက ယဉ်သကို ဖြစ်ခဲ့သည်။ ၁၉၈၈ အရေးအခင်းကာလတွင် အမေရိကန်အထက် လွှ့တ်ောတ်အမတ် စတီဗင်ဂျေဆိုလာ ဆိုသူသည် စက်တင်ဘာလ(၄)ရက်နေ့၌ ရန်ကုန်သို့ ရောက်လာသည်။ ၄င်းက အရေးအခင်းအခြေအနေအရ ကြားဖြတ်အစိုးရဖွဲ့စည်းသင့်သည်ဟု ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်စုကြည်တို့နှင့် တွေ့ဆုံစဉ် လမ်းကြောင်းပေးသွားသည် ။

ဦးနုက စက်တင်ဘာလ ၉ရက်နေ့၌ အစိုးရဖွဲ့ကြောင်း ကြေငြာသည်။ ဦးအောင်ကြီး၊ ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့ကလည်း သုံးယောက်ပေါင်းပြီး အောင်-စု-တင် ကြားဖြတ်အစိုးရဖွဲ့စည်းရေးဟူ၍ လှုပ်ရှားခဲ့ကြသည်။ တိုင်းပြည်အတွက် အလွန်အန္တရာယ် ကြီးသော လုပ်ရပ်များပင် ဖြစ်သည်။

ထိုအချိန်တွင် ဗကပက မန္တလေးအထိ သိမ်းမည်ဟူသည့် စစ်ရေးရည်မှန်းချက် ဖြင့် မိုင်းယန်းတိုက်ပွဲကို ဖန်တီးနေသည်။ KNU ကလည်း မြန်မာပြည်အောက်ပိုင်းကို သိမ်းမည် ဟူသော မျှော်မှန်းချက်ဖြင့် မဲသဝေါတိုက်ပွဲဆင်နွှဲလာသည်။ ရန်ကုန်မြို့၌ တပ်မတော်တပ်စု တစ်စုကို ၀ိုင်းစီးပြီး လက်နက်သိမ်းယူသည့်ဖြစ်စဉ် ပေါ်ပေါက်လာသည်။ ကြားဖြတ်အစိုးရ ဖွဲ့မပေးပါက လေတပ်မှ ဗုံးကြဲမည်၊ ရေတပ်မှ အမြောက်နှင့်ပစ်မည်ဟူသည့် ခြိမ်းခြောက်မှုများ ကို မဟုတ်မမှန် လုပ်ကြံကြေညာနေကြသည်။ ထိုအချိန်၌ မြန်မာ့ရေပိုင်နက် ကိုကိုးကျွန်း အနီးသို့ အမေရိကန်ရေတပ်သင်္ဘောအုပ်စု ရောက်ရှိနေသည်။ ကမ်းတက်ရန် စစ်ရေးလေ့ ကျင့် လျက်ရှိသည် ။

လမ်းစဉ်ပါတီ အစိုးရက ကြားဖြတ်အစိုးရမပေးလည်း ရန်ကုန်တက္ကသိုလ်ကို အခြေခံ၍ ၄င်းတို့အစီအစဉ်ဖြင့် အောင်-စု-တင် ကြားဖြတ်အစိုးရဖွဲ့ရန် ပြင်ဆင်မှုများ လုပ်ပြီး နေပြီ ဖြစ်သည်။ ယင်းသို့ တိုင်းပြည်ဖရိုဖရဲဖြင့် ပြိုကွဲပျက်စီးရန် လက်မတင်အခြေအနေတွင် တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို ထိန်းသိမ်းရယူခဲ့ရသည်။

တပ်မတော်အစိုးရ ပေါ်ပေါက်လာသည်။ ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရန် အတွက် နိုင်ငံရေးပါတီများ ဖွဲ့ခွင့်ပြုခဲ့သည်။ ကြားဖြတ်အစိုးရဖွဲ့ခွင့်မရသည့် အောင်-စု-တင် သုံးယောက်တွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဟူ၍ ပါတီထောင်ခဲ့ကြသည် ။ NLD ပါတီကို ၂၇-၁၀-၁၉၈၈ ရက်နေ့၌ စဖွဲ့သည် ။ ပါတီ ဖွဲ့စည်းစမှာပင် ဦးအောင်ကြီးက ဥက္ကဋ္ဌ လုပ်မည်၊ ဒေါ်စုကြည်က ဥက္ကဋ္ဌလုပ်မည်ဆိုပြီး နေရာလုခဲ့ကြသည်။ အမြင်မတော်သူများက ဖျန့်ဖြေသဖြင့် ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦတင်ဦးက ဒုဥက္ကဋ္ဌ၊ ဒေါ်စုကြည်က အထွေထွေ အတွင်းရေးမှူးဟု ခွဲဝေယူခဲ့ကြသည်။ ဤသို့ဖြင့် NLDသည် စလယ်ဝင်ဖင်မမည်းခင်ကပင် ကွဲရန် အက်သံပါလာခဲ့လေသည်။