Friday, May 30, 2008

ရာဇ၀င်ထဲမှာ ထားရစ်ခဲ့ပြီ NLD

၁၉၈၈ ခုနှစ်မှာ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒက တစ်ပါတီစနစ်အစား ပါတီစုံ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးနဲ့ စီမံကိန်းစီးပွားရေးးအစား ဈေးကွက်စီးပွားရေး ကျင့်သုံးဖေါ်ဆောင်ရေးပဲဖြစ်တယ်။

သမိုင်းရေးလိုအပ်အရ ၁၈-၉-၁၉၈၈ ရက်နေ့မှာ နိုင်ငံတော်တာဝန်ယူခဲ့ရတဲ့ တပ်မတော်အစိုးရဟာ စနစ်တစ်ခုမှ တစ်ခုမှ စနစ်တစ်ခုသို့ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းဖေါ်ဆောင်ပေးခဲ့ရတယ်။ အဲဒီအချိန်မှာ တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို အခြေခံရေးဆွဲ ကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံအခြခံဥပဒေလည်း ပျက်ပြယ်သွားခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် စနစ်ပြောင်းခေတ်ပြောင်းမှုနဲ့ လိုက်လျောညီထွေရှိမယ့် အခြေခံဥပဒေ တစ်ရပ်လိုအပ်လာခဲ့တယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေးကို ဦးတည်ပြီး ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့တယ်။ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကြေညာခဲ့ချိန်မှစပြီး NLD နဲ့ အပေါင်းအပါတွေက ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာမဟုတ်ဘူးလို့ ကြိုကန် ထားခဲ့တာတွေ့ရတယ်။ အဓိပ္ပါယ်ကတော့ ရွေးကောက်ပွဲမှာ NLD အနိုင်မရရင် ရွေးကောက်ပွဲဟာ တရားမမျှတဘူးလို့ ပုတ်ခတ်စွပ်စွဲနိုင်အောင် ကြိုတင်အကွက်ချထားတာပဲဖြစ်တယ်။

ဒါပေမယ့် NLD ဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အနည်းစုနဲ့ အနိုင်ရခဲ့တယ်။ အဲဒီလို သူတို့နိုင်တော့မှပဲ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတယ်လို့ ၀န်ခံခဲ့ပြန်တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတာနဲ့ NLD ဟာ တစ်တိုင်းတစ်ပြည်လုံးကပဲ ၄င်းတို့ကို လိုလားထောက်ခံသယောင် ပုံမှားရိုက်ပြီး ပါတီကြီးဝါဒကို လွဲမှားစွာ ကျင့်သုံးလာခဲ့တယ်။ တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ မဲပေးမှု အခြေအနေဟာ အောက်ပါအတိုင်းသာဖြစ်တယ်-

(၁) နိုင်ငံလူဦးရေ (၄၂) သန်း

(၂) မဲပေးခွင့်ရှိသူဦးရေ (၂၀) သန်း (၂၀၈၁၈၃၁၃)

(၃) မဲပေးသူဦးရေ (၁၅) သန်း (၁၅၁၁၂၅၂၄)

(၄) NLD အားထောက်ခံသူဦးရေ (၇) သန်း (၇၉၃၄၆၂၂)

(၅) ထောက်ခံမှုရရှိသည့်ရာခိုင်နှုန်း (၃၈.၁၁)%

အဲဒီလို မဲပေးခွင့်ရှိသူဦးရေရဲ့ (၃၈)% ထောက်ခံခဲ့မှုကို တစ်သက်လုံးပဲ ၄င်းတို့ကို ထောက်ခံ နေတယ်လို့ NLD က တလွဲမာန တက်ခဲ့တယ်။ ကိုယ်စားလှယ်ရဲ့ သက်တမ်းဟာ အလွန်ဆုံး (၅)နှစ် ဆိုတာကိုလည်း ဥပက္ခာပြုခဲ့တယ်။ အခြေခံဥပဒေမရှိဘဲနဲ့ အာဏာလွှဲပြောင်းရေးကို တောင်းဆိုခဲ့တယ်။ ၄င်းတို့အာဏာရရေးက ပထမ၊ အခြေခံဥပဒေရေးဆွဲရေးက ဒုတိယ ဖြစ်အောင် လုပ်ခဲ့တယ်။ ဒီလိုနဲ့ အခြေခံဥပဒေဆိုတဲ့ နိုင်ငံတော်ရဲ့ မူဝါဒချမှတ်ရေးနဲ့ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ရေးဟာ နှောင့်နှေး ကြန့်ကြာ လာခဲ့ရတာဖြစ်တယ်။

တဖြည်းဖြည်းနဲ့ NLD ကို ထောက်ခံမိမှားခဲ့သူတွေဟာ လူရွေးမှားခဲ့ပြီ ဆိုတာကို သိလာခဲ့ကြတယ်။ မူကို ဦးစွာ မရွေးဘဲ လူကို ဦးစားပေးရွေးခဲ့မိတဲ့ အမှားကို သင်ခန်းစာ ယူခဲ့ကြတယ်။ ဒီလိုနဲ့ အခု ၂၀၀၈ ခုနှစ် မေလ မှာ ကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ လူကို မရွေးဘဲ မူကိုရွေးနိုင်ခဲ့ကြတာ ဖြစ်တယ်။

၁၉၉၀ ရလဒ်ကို အသေဆုပ်ကိုင်ထားတဲ့ NLD က ဆန္ဒခံယူပွဲမှာ မဲများမပေးကြဖို့ ၊ မဲရုံရှိရာ သွားရင်လည်း ကန့်ကွက်မဲပေးကြဖို့ သွေးထိုးလှုံ့ဆော်နေတဲ့ကြားက NLD ကိုမမှုတဲ့ ပြည်သူလူထုက အခုလို ထောက်ခံဆန္ဒပြုခဲ့ကြတာကို တွေ့ရမှာဖြစ်တယ်-

(၁) နိုင်ငံလူဦးရေ (၅၇) သန်း

(၂) မဲပေးခွင့်ရှိသူဦးရေ (၂၇) သန်း (၂၇၂၈၈၈၂၇)

(၃) မဲပေးသူဦးရေ (၂၆) သန်း (၂၆၇၇၆၆၇၅)

(၄) အခြေခံဥပဒေအား ထောက်ခံသူဦးရေ (၂၄) သန်း (၂၄၇၆၄၁၂၄)

(၅) ထောက်ခံမှုရရှိသည့်ရာခိုင်နှုန်း (၉၂.၄၈) ရာခိုင်နှုန်း

ဒါဟာ ပြည်သူလူထုက ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကို လက်တွေ့ကျကျ ကျင့်သုံးပြလိုက်တာပဲ ဖြစ်တယ်။ NLD ရဲ့ လူတစ်စုအရေးထက် အခြေခံဥပဒေဆိုတဲ့ လူထုအရေးကို ဦးစားပေး ရွေးချယ်လိုက်တာ မဟုတ်ဘူးလား။

ဒါကြောင့် မြန်မာပြည်သူတွေက ရာဇ၀င်ထဲမှာ ထားရစ်ခဲ့ပြီ NLD လို့သာ ဆိုလိုက်ရပါတယ်။


No comments: