Friday, May 30, 2008

အတိတ်ကိုဆောင်သော်

၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလ ၊ စက်တင်ဘာလ(၁၂)ရက်နေ့မှာ ရန်ကုန်မြို့တွင်း အနေရာအနှံအပြား ကပ်ထားတဲ့ လှုံ့ဆော်ရေးစာစောင်တွေမှာ ၂၄ နာရီ ကြိုတင် သတိပေးချက်ဆိုပြီး ဖော်ပြထားတာ အားလုံးမှတ်မိကြဦးမှာပါ။

အဲ့ဒီကြေငြာချက်မှာ ၁၃-၉-၈၈ ရက်နေ့ ၊ မွန်းလွဲ (၁)နာရီ ထုတ်လွှင့်သည့် မြန်မာ့ရုပ်သံရဲ့ ပထမဆုံး သတင်းအဖြစ် လမ်းစဉ်ပါတီအစိုးရ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း၊ ဒီမိုက်ရေစီ ကြားဖြတ်အစိုးရဖွဲ့ပေးပြီး အာဏာလွှဲအပ်လိုက်ပြီဖြစ်ကြောင်း ထုတ်လွှင့်ရမယ်၊ အဲ့ဒီလို မထုတ်လွှင့်ရင် ရန်ကုန်မြို့တွင်း အရေးကြီးနေရာ ဌာနတွေကို ရန်ကုန်မြစ်အတွင်းမှ အမြောက်နဲ့ ပစ်မယ်၊ လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ လက်မှတ်အတုတွေထိုးပြီး ခြိမ်းခြောက်ခဲ့တယ် မဟုတ်လား။

အဆိုပါ ကြေငြာချက်ဖြန့်ဝေတဲ့ စက်တင်ဘာလ(၁၂)ရက်နေ့မှာပဲ ကြယ်ငါးပွင်း သင်္ဘော ကော်ပိုရေးရှင်းပိုင် အင်းဝသင်္ဘော ပြည်ပမှ ရန်ကုန်ဆိပ်ကမ်းသို့ ပြန်ဝင်လာစဉ် ရန်ကုန်မြို့တောင်ဘက် ရေမိုင် ၁၉၀ ခန့်အကွာ နေရာမှာ အမေရိကန် ရေတပ်သင်္ဘောအုပ်စု သင်္ဘော (၅)စီး ရောက်ရှိနေကြောင်း တွေ့ရလို့ သက်ဆိုင်ရာကို အချိန်မီ သတင်းပို့နိုင်ခဲ့တယ်။ အဲ့ဒီ သင်္ဘောအုပ်စုမှာ လေယာဉ်တင်သင်္ဘောတွေ၊ ကုန်းသွား၊ ရေသွား စစ်ရေယာဉ်တွေဖြစ်နေလို့ သက်ဆိုင်ရာက အမေရိကန် သံရုံးကို ခေါ်ပြောတော့မှ အံ့အားသင့်ပြီး ၂၄ နာရီအတွင်း ထွက်ခွာပေးမယ်လို့ ၀န်ခံပြောကြားခဲ့တယ်။

အဲ့ဒီ အမေရိကန် စစ်သင်္ဘောတွေ မြန်မာ့ရေပိုင်နက်ထဲမှာ ဘာဖြစ်လို့ ရောက်ရှိနေတာလဲ။ သံရုံးရဲ့ အကြောင်းပြချက်ကတော့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ရှုပ်ထွေးလာရင် သံရုံးမိသားစုနဲ့ ၄င်းနိုင်ငံသားများကို ကယ်ဆယ်ရန်အတွက်လို့ ယုတ္တိမရှိတာနဲ့ အကြောင်းပြခဲ့တယ်။ တကယ်တမ်းမှာ အဲ့ဒီ သံရုံးမိသားစုအပါအ၀င် နိုင်ငံခြားသား (၂၆၇)ဦးဟာ အထူးလေယာဉ်နဲ့ စက်တင်ဘာလ(၁၁)ရက်နေ့ကတည်းက မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီး ဖြစ်နေတာ တွေ့ရတယ်။

အခု ၂၀၀၈ ခုနှစ် ၊ မေလဆန်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသ တောင်ပိုင်းနှင့် ရန်ကုန်တိုင်း တောင်ပိုင်းဒေသတွေမှာ ထိခိုက် ပျက်ဆီးဆုံးရှုံးမှုတွေ များပြားခဲ့တယ်။ နိုင်ငံတော် တာဝန်ရှိသူတွေ ၊ တပ်မတော်သားတွေ၊ ပြည်သူတွေက အဲ့ဒီ ဒေသတွေကို နေ့ချင်း ညချင်း ဖြန့်ခွဲရောက်ရှိလာပြီး အရေးပေါ်ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်မှု လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ မြန်မာနိုင်ငံသား ဘေးဒုက္ခရောက်ရှိ နေသူများဆီ ပထမဦးဆုံး ရောက်ရှိသွားပြီး အကောင်းဆုံး ကြိုးပမ်းကူညီ စောင့်ရှောက်နိုင်ခဲ့တာပဲ ဖြစ်တယ်။

အဲ့ဒီ နောက်ပိုင်းကျမှ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက်၊ အထူးလေ့ကျင့်ထားတဲ့ စစ်သားတွေ ၊ စစ်သုံးယာဉ်တွေ၊ ကူညီရေးပစ္စည်းတွေ အပြည့်အစုံပါဝင်တဲ့ အမေရိန်ကန် လေယာဉ်တင် သင်္ဘောအုပ်စု မြစ်ဝကျွန်းပေါ်ဒေသ မြန်မာ့ရေပိုင်နက်နဲ့ အနီးဆုံးနေရာမှာ ရောက်ရှိနေပြီး ၀င်ရောက်လုပ်ဆောင်ခွင့် ပြုသင့်တယ်လို့ အနောက်မီဒီယာတွေက အသံကုန်ဟစ်လာတယ်။

နားစွန် နားဖျား၊ အပေါ်ယံရှပ်ပြီးကြားတဲ့သတင်းတွေ၊ ရော့ကွက် ဟာကွက်တွေကို လက်ကုန်နှိုက်ပြီး သတင်းဦး သတင်းထူးဖြစ်အောင် မပြည့် မစုံ ဖေါ်ပြတဲ့ သတင်းတွေကို ကိုးကားပြီး ငါ.......မကယ်ရင် သေဖွယ်ဖြစ်တော့မယ့်အတိုင်း ကျီးတွေလို ၀ိုင်းအာကျတယ်။ သူ့ထက်သူ လူစွမ်းကောင်းလုပ်နိုင်တဲ့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးကဆိုရင် ဘယ်သူက ခွင့်ပြုပြု၊ မပြုပြု အတင်း အဓမ္မ ၀င်ရောက်လုပ်ဆောင်ရမယ်ဆိုတဲ့အထိ လမ်းကြောင်းပေးခဲ့တယ်။ ပြင်သစ် စစ်သင်္ဘော တစ်စင်းနဲ့ ဗြိတိန်မှ စစ်သင်္ဘောတစ်စင်းတောင် ပူးပေါင်းလုပ်ဆောင်လာတဲ့အထိ ဖြစ်လာခဲ့တယ်။

၁၉၈၈ က ဖော်ပြပါ ဖြစ်စဉ်နဲ့ အခု ၂၀၀၈ ဖြစ်စဉ်ဟာ မနည်းကို ဆွဲယူနေတာကို လေ့လာ သုံးသပ်တွေကရှိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်အတွင်းကို မထိခလုတ် ထိခလုတ် လုပ်လာတဲ့ သဘောဖြစ်နေတယ်။ အချုပ်တန်းဆရာဖေရဲ့ “ ဆာဂျင်တောင် ဦးချလို့၊ ပလူးကြ ပြေးကြိုအခါခါ ၊ ခွေးသို့ပမာ” လူတန်းစားပျက် တစ်စုကလည်း အူယားဖားယားနဲ့ ကယ်ပါယူပါ တစာစာ လုပ်ပြခဲ့ကြတယ်။

မျိုးချစ်ပြည်သူတွေကတော့ ၂၁ရာစုမှာ ကျောချမှ ဓါးပြမှန်းသိတဲ့ အဖြစ်မျိုးကို လုံးဝ လက်ခံမှာ မဟုတ်ဘူး။ အတိတ်ကို ဆောင်လိုက်ရင်၊ ဒီယုန်မြင်လို့ ဒီခြုံထွင်လိုက်တဲ့ လုပ်ရပ်တွေ အများကြီးပဲ ဆိုတာ တွေ့ရှိလိုက်ရမှာ ဖြစ်တယ်။ အရပ်စကားနဲ့ ခပ်ပါးပါးလေး ကောက်ချက်ပေးရရင်တော့ “နင်..... သနားတာ ၊ ငါ ......သိပါတယ်” ဆိုတဲ့ ကောက်ချက်ကို ပေးရမှာ သေချာတယ်။ ဒုတိယ ကမ္ဘာစစ်ကာလ ဂျပန်အပြေး၊ မဟာမိတ်တပ်တွေ အ၀င်မှာ လေဒီဂျစ်ဆိုတဲ့ မိန်းမပျက်တွေ ပေါ်ခဲ့ဖူးတယ် မဟုတ်လား။ ကယ်ပါယူပါ တစာစာလုပ်နေကြတဲ့ လူတန်းစားပျက် အုပ်စုအနေနဲ့ အခုထက် ပိုပျက်သွားလည်း အကြောင်းမဟုတ်ပေမယ့် တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တွေကတော့ အမျိုးဂုဏ် ဇာတိဂုဏ်ကို လုံးဝ အထိပါး ခံမှာ မဟုတ်ဘူးလို့ ပြောလိုက်ချင်ပါတယ်။

No comments: