Friday, May 30, 2008

မကူညီချင်နေပါ၊ မနှောက်ယှက်ပါနဲ့


“ပွဲလန့်တုန်းဖျာခင်းတယ်” ၊ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်တယ်” ဆိုတဲ့စကား ကြားဖူးကြတယ်မဟုတ်လား။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာ အဲဒီစကားတွေဟာ သွေးထွက်အောင်မှန်ခဲ့တယ်။ ကိုလိုနီနယ်ချဲ့လက်သစ်နဲ့ လက်ပါးစေ၊ နောက်မြှီးဆွဲတွေ တစ်စခန်းထ ခဲ့ကြတယ်။

ရိုးသားဖြူစင်တဲ့ ပြည်သူအချို့ကို နားလှည့်ပါးရိုက်ပြီး အယုံသွင်းနိုင်ခဲ့တယ်။ မီဒီယာ အသာစီးနဲ့ ကြမ်းပိုးကို-လိပ်၊ တစ်စိတ်ကို-တစ်အိတ် လုပ်ပြီး ပုံမှားရိုက်ကြတယ်။ ရိုက်စားလုပ်တာကို ပြည်သူတွေ ကျောကော့အောင်ခံခဲ့ကြရတယ်။

သူတို့ရဲ့ ရုပ်သေးရုပ်တွေ မြန်မာနိုင်ငံမှာ လုပ်ချင်သလိုလုပ်နိုင်အောင် အပြစ်ဟူသမျှ နိုင်ငံတော် အစိုးအရပေါ် ပုံချခဲ့တယ်။ စီးပွားရေး ဟန့်တားပိတ်ဆို့မှုတွေနဲ့ မြန်မာတွေအပေါ် စီးပွားရေးတိုက်ကွက် ဆင်ခဲ့တယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အတော်များများ ပြန်ပြီးရုတ်သိမ်းသွားတယ်။ ၀င်လာမယ့် အရင်းအနှီးတွေ နှောင့်နှေးရပ်ဆိုင်းခဲ့တယ်။ အထည်ချုပ်စက်ရုံ ရာနဲ့ချီပြီး ပိတ်ပစ်ခဲ့ရတယ်။ ကမ္ဘာဘဏ်၊ IMF စတာတွေက မြန်မာနိုင်ငံကို ငွေကြေးအကူအညီ မပေးသလောက်လုပ်ခဲ့တယ်။

အလုပ်သမားတွေ၊ အလုပ်သမတွေ သောင်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။ သက်ဆိုင်ရာ မိသားစုတွေ အခြေအနေပျက်ကုန်တယ်။ အချို့မိန်းကလေးတွေ လူကုန်ကူးခံရတဲ့အထိ ဘ၀ပျက်ခဲ့ရ ရှာတယ်။ အဲဒီလူတွေဟာ အဖျက်သမားအုပ်စုရဲ့ လောဘ၊ ဒေါသ မုန်းတိုင်း အတိုက်ခံခဲ့ရတာပဲ မဟုတ်လား။ ဒါပေမယ့် လူသားချင်းစာနာမှု အကူအညီဆိုတာ ဝေလာဝေး၊ ဘယ်လောက်အထိတောင့်ခံနိုင်မလဲဆိုတဲ့ အတွေးနဲ့ လက်ပိုက်ကြည့်နေခဲ့တာတစ်ကမ္ဘာလုံးကအသိပါ။

၂၀၀၈ခုနှစ် မေလ (၂)ရက်နေ့နဲ့ (၃)ရက်နေ့တွေမှာ “နာဂစ်”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ မြို့နယ် (၇) မြို့နယ်နဲ့ ရန်ကုန်တိုင်းမှ မြို့နုယ် (၄၀) မုန်တိုင်းဒဏ် ဆိုးရွားပြင်းထန်စွာ ခံခဲ့ရတယ်။ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုတွေနဲ့ တပ်မတော်တို့ လက်တွဲပူးးပေါင်းပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို မဆိုင်းမတွ နိုးကြားတက်ကြွစွာ ဆောင်ရွက် ခဲ့ကြတယ်။ ကမ္ဘာထုံးတမ်းအစဉ်အလာအတိုင်း နိုင်ငံတကာမှ ကူညီထောက်ပံ့မှုတွေကိုလည်း ကြိုဆိုလက်ခံခဲ့တယ်။

ဒါပေမယ့် အခု သဘာဝဘေး ကျရောက်မှုအပေါ် နိုင်ငံရေးအရ ခုတုံးလုပ် အမြတ်ထုတ်မှုတွေ အတောမသတ်ပေါ်လာခဲ့တယ်။ အမေရိကန်ကဆို မဏ္ဍပ်တိုင်တက်ပြပြီး စစ်သင်္ဘောတွေ၊ စစ်ရဟတ်ယာဉ်တွေ၊ ကမ်းတက်တပ်သားတွေနဲ့ ကယ်ဆယ်ကူညီမယ်ဆိုပါလား၊ ကိစ္စအ၀၀ကို သူတို့ ပင်တဂွန် စစ်ဌာနချုပ်က ကွပ်ကဲမယ်တဲ့။

၁၉၈၈ အရေးအခင်း ကာလက ရန်ကုန်မှ သံရုံးမိသားစုတွေကို သယ်ထုတ်ဖို့ဆိုပြီး အမေရိကန် ရေတပ်သင်္ဘော ငါးစင်းအုပ်စု မြန်မာ့ရေပိုင်နက် ၀င်လာခဲ့တာကို ပြန်အမှတ်ရကြစေလိုတယ်။ သဘောရိုးနဲ့ ကူညီချင်တယ်ဆိုရင် တခြားနိုင်ငံတွေလိုပဲ အရပ်ဘက်သင်္ဘောတွေ၊ အရပ်ဘက်လေယာဉ်တွေနဲ့ ဥဒဟို ၀င်ထွက်ပြီး လှူဒါန်းနိုင်နေတာ အားလုံးအသိပါ။

အမေကျော် ဒွေးတော်လွမ်းနေသူတွေကလည်း ထုံးစံအတိုင်း နိုင်ငံတကာ အကူအညီတွေကို လက်မခံဘူး။ ကူညီလှူဒါန်းတာတွေ အလွဲသုံးစား အလုပ်ခံနေရတယ်ဆိုတဲ့ လူပြိန်းအကြိုက် သတင်း အမှားတွေနဲ့ ဘေးဝင်တီးပေးခဲ့ကြတယ်။ တချို့ကဆိုရင် လက်မခံလည်း မပူနဲ့။ အတင်းအဓမ္မ၀င်ပြီး ကူညီရမယ်လို့တောင် ရေလာမြောင်းပေး လုပ်ခဲ့ကြတယ်။

အဲ့ဒီလို အငမ်းမရ ကူညီနေချင်သူတွေ အားပါးတရ ထိထိရောက်ရောက် စနစ်တကျ ၀င်ထွက်သွားလာ ကူညီနိုင်အောင် အာဆီယံနဲ့ ကုလသမဂ္ဂက ဦးဆောင်ပြီး နိုင်ငံတကာ ကူညီထောက်ပံ့ရေး ကွန်ဖရင့်ကို ရန်ကုန်မြို့မှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြန်တော့ အဖျက်သမားအုပ်စု အချိုးတစ်မျိုး ပြောင်းသွားတာ အကင်းပါးသူတွေ ရိပ်မိကြမှာပါ။

အဲ့ဒီ ကွန်ဖရင့်မှာ ကူညီသင့်တဲ့ အတိုင်းအတာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၀၀ ကျော် ရှိကြောင်း၊ လှူဒါန်းလိုမှုအတွက် ၀င်ရောက်ကြည့်ရှု့ လေ့လာနိုင်ကြောင်း၊ သဘောတူညီခဲ့တာကို သေးသိမ် မှေးမိန်အောင် လုပ်ခဲ့ကြပြန်တယ်။

ခုအချိန်ထိ ဒေါ်လာသန်း ၁၀၀၀ ခန့်သာ ကူညီမယ့် အနေအထားရှိကြောင်း၊ ဒါတောင် စိတ်တိုင်းကျ ကြည့်ရှုပြီးမှ ကူညီမှာဖြစ်ကြောင်း စတဲ့ အတင်းအဖျင်း စကားတွေနဲ့ အပြုသဘောကနေ အပျက်သဘော ဆိုက်အောင် ဘေးတီးပေးနေကြပြန်ပြီလေ။ အစကတော့ ကမ်းကုန်အောင် ရက်ရောမယ့်ပုံနဲ့ အခုတော့ အကြွေးပေးရမယ့်သဘော၊ မသက်မသာနဲ့။

ဒီကမ္ဘာပေါ်မှာ မြန်မာတစ်နိုင်ငံလုံးကို တစ်လကိုးသီတင်း အလကားပဲတင်း ကျွေးမွေးကူညီမယ့် ဝေဿန္တရာလက်သစ် မရှိဘူးဆိုတာ သိထားပြီးဖြစ်လို့ မြန်မာပြည်သူတွေကတော့ မတုန်လှုပ်ပါဘူး။

ယနေ့ နိုင်ငံတော်မှာ ငွေကြေးနဲ့စားနပ်ရိက္ခာ အရန်အင်အားတွေ စီမံထားရှိပြီးဖြစ်တယ်။ တိုးချဲ့ဖြည့်စွက်စိုက်ပျိုးနိုင်တဲ့ အခြေခံအင်းအားတွေ ရှိထားတယ်ဆိုတာ ယုံကြည်ထားပြီးဖြစ်တယ်။ မည်သူမဆို ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ၊ “ကိုယ့်အားကိုယ်ကိုး ကိုယ်သာအရှင်သခင်ဖြစ်ပေ” ဆိုတဲ့အတိုင်း မြန်မာတွေက အခက်အခဲဟူသမျှကို ရင်ဆိုင်ကျော်လွှားသွားကြမှာ ဧကန်မုချမို့ “မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့” ဆိုပါရစေ။


No comments: