မြန်မာနိုင်ငံဟာ မုန်တိုင်းဒဏ်ကို ဆိုးရွားပြင်းထန်စွာ ခံခဲ့ရတယ်။ ဒါပေမယ့် မြန်မာတွေဟာ ကံကြမ္မာမုန်တိုင်းတို့၊ လောကဓံမုန်တိုင်းတို့နဲ့ ကြုံတွေ့ရင်ဆိုင်ရရင် ခံနိုင်ရည်ရှိအောင်၊ ကျော်လွှား လွန်မြောက်အောင် ဘာသာရေး အဆုံးအမနဲ့ ကျင့်ကြံနေထိုင်လာသူတွေဖြစ်တယ်။
တစ်ဖက်က ဘာသာရေးအဆုံးအမ၊ တရားဓမ္မမွေ့လျော်မှုတွေနဲ့ လူ့ဘ၀မှာ လူဖြစ်ရကျိုးနပ်အောင် ပြုမူ နေထိုင်လေ့ရှိသလို အမျိုးသားစာဆိုတွေ၊ တိုင်းချစ်ပြည်ချစ်စာနယ်ဇင်းသမားတွေကလည်း တစ်မျိုးသားလုံး စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တမြင့်မားအောင် စာပေနဲ့ မြှင့်တင်ပေးခဲ့ကြတယ်။
အဲ့ဒီစာဆိုတွေထဲမှာ အထင်ကရ ထင်ရှားသူတစ်ဦးကတော့ ကွယ်လွန်သူဆရာဇော်ဂျီပဲ ဖြစ်တယ်။ ဆရာဇော်ဂျီရဲ့ ဇာတိကတော့ အခုမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း၊ မြစ်ဝကျွန်ပေါ်ဒေသက ဖျာပုံမြို့ ဖြစ်ပါတယ်။ ဆရာဇော်ဂျီဟာ အမျိုးသားလွတ်မြောက်ရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနဲ့ ဘ၀အားမာန်ပေးတဲ့ ကဗျာများစွာ၊ စာများစွာကို ရေးသားဖွဲ့ဆိုခဲ့တယ်။ ဆရာ့ရဲ့ ထင်ရှားကျော်ကြား လူသိများတဲ့ ကဗျာတွေထဲမှာ ''ဗေဒါလမ်း"ကဗျာစုလည်း ပါတယ်။ ဆရာက မြစ်ဝကျွန်ပေါ်ရဲ့ မြစ်ချောင်းတွေထဲမှာ ဒီရေအတက်အကျနဲ့ စုန်ချည် ဆန်ချည်မျောပါနေတဲ့ ဗေဒါတွေကို နိမိတ်ပုံအဖြစ် တင်စားပြီး ကံကြမ္မာ မုန်တိုင်းလောကဓံဒီရေလှိုင်းနဲ့ အတားအဆီး၊ အနှောက်အယှက် အဖျက်အဆီးတွေကြားမှာ ရပ်တည်ရှင်သန်နိုင်အောင် ကြိုးပမ်းရမယ်ဆိုတဲ့ ရသကို စာဖတ်သူတွေရဲ့ နှလုံးသားနဲ့ ဦးနှောက်ထဲကို ထည့်ပေးခဲ့တာဖြစ်တယ်။ ဆရာ့ရဲ့ ဗေဒါလမ်းကဗျာရဲ့ သြဇာဘယ်လောက်ကြီး သလဲဆိုရင် "ပန်း ပန်လျက်ပါ" ရုပ်ရှင်ကားထဲမှာ ဇာတ်လမ်းရဲ့ကျောရိုးသီချင်းအဖြစ် ဖေါ်ပြခဲ့ရတဲ့အထိ ဖြစ်တယ်။ အဲ့ဒီ ရုပ်ရှင်ကားကြောင့်လည်း "ပန်းပန်လျက်ပါ" ဆိုတဲ့ ဝေါဟာရဟာ အရှုံးမပေးဘူး၊ ရင်ဆိုင် ကျော်လွှားဖို့ အသင့်ပဲ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြည်သူတွေကြားမှာ ရေပန်းစားခဲ့တယ်။
အခု နာဂစ်မုန်တိုင်းဘေးနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ ဆရာ့ရဲ့ "ဗေဒါရုံ၊ အံကိုခဲ၊ ပန်းပန်လျက်ပဲ"ဆိုတဲ့ ကဗျာအတိုင်း မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် မြစ်ဝကျွန်ပေါ်ဒေသမှ ဧရာဝတီတိုင်းသားတွေဟာ မြန်မာ့စွမ်းအားနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြတယ်။ ဒါပေမယ့် ဆရာ့ကဗျာထဲက "နောက်တစ်ချီ၊ ဒီတစ်လုံး၊ ဖုံးလိုက်ပြန်ပါ" ဆိုသလိုပဲ မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဒီရေလှိုင်းက ၁၂ ပေကျော်မျှသာ မြင့်ခဲ့ပေမယ့် အမနာပ ဒီရေလှိုင်းတွေကတော့ "တံတားအို မှောင်ခိုမလျှောက်နဲ့၊ စကားကို တောင်လို မမောက်နဲ့" လောကနီတိ အဆုံးအမရှိတဲ့ကြားက မှောင်ခိုလျှောက်ခဲ့တယ်။
တောင်လို မောက်ခဲ့ကြတယ်ဆိုတဲ့ လေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရာမှာ "အသက်ရှင်ကျန်ရစ်သူများ ဆက်လက် အသက်ရှင်ရပ်တည်နိုင်ရေး" ဆိုတာကို သဘာဝကျကျ ဦးစားပေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မုန်တိုင်းဒဏ်နဲ့ ဒီရေလှိုင်းဒဏ်ကြောင့် စတုရန်းမိုင် ၂၀၀၀မျှရေလွှမ်းမိုး နစ်မြုပ်နေတဲ့ ဧရိယာ အကျယ်အ၀န်းကြီးထဲမှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ မိုးထဲရေထဲ လုပ်ရတာမို့ လစ်ဟာ ကျန်တာလေးတွေ ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံအပေါ် မလိုမုန်းထားနေတဲ့ ပြည်ပစာနယ်ဇင်းသမား ၊ မီဒီယာသမားတွေအတွက်တော့ ဒါဟာ အကွက်ကောင်း၊ ချက်ကောင်းပေါ့။ မုန်တိုင်းသတင်းနဲ့ ပတ်သက်ပြီး ကြိုတင်သတိပေးချက် မလုပ်ခဲ့ဘူး၊ လစ်လျူရှု့ထားတယ်ဆိုတဲ့ အထိ ထိုးနှက်ခဲ့တယ်။ ဟိုင်းကြီးကျွန်းတို့၊ လပွတ္တာတို့၊ ဘိုကလေးတို့မှာ အသံချဲ့စက်တွေနဲ့ အော်ဟစ် သတိပေးခဲ့ကြောင်း၊ တစ်ခါမှ မကြုံဖူးလို့ ဘာလုပ်ရမှန်းမသိခဲ့ကြောင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယို သတိပေးချက်တွေ ကြားရသိရပေမယ့် အမှုမဲ့၊ အမှတ်မဲ့သာ နေခဲ့မိကြောင်း၊ ဒေသခံ ပြည်သူတွေကိုယ်တိုင် ဖွင့်ဟပြောကြားချက်တွေ ဟာနယ်ဇင်းမှာ ပါလာပေမယ့် အဲ့င်္ဒီသတင်းကိုတော့ မကိုးကားဘဲ လိုရာဆွဲပြီး ငါ့စကား နွားရ ပြောနေ၊ ထုတ်လွှင့်နေကြတာ ဒီနေ့အထိပါပဲ။
မြစ်ဝကျွန်းပေါ် မြို့(၇)မြို့ကို ၀န်ကြီးတွေ အချိန်မီရောက်သွားပြီး စက်လှေတွေ၊ ရေယာဉ်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ ဖြန့်ခွဲစေလွှတ် ရှာဖွေကယ်ဆယ်နိုင်ခဲ့လို့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ် စောင့်ရှာက်နိုင် ခဲ့တယ်။ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေကယ်ဆယ်ပြီး ရဟတ်ယာဉ် မဆင်းနိုင်တဲ့နေရာတွေမှာ ကယ်ဆယ်ရေး ပစ္စည်းတွေ အင်္နီးကပ်ချပေးခဲ့လို့ အသက်ဆက်နိုင်ခဲ့တယ်။ တပ်မတော်တွေကိုယ်တိုင် လိုက်လံနှိုးဆော် ကယ်ဆယ်လို့ ကွင်းထဲ၊ လယ်ထဲရောက်နေသူတွေမှ အပ အများစု အသက်ချမ်းသာခဲ့ရတာဖြစ်တယ်ဆိုတဲ့ ကာယကံရှင်တွေရဲ့ သတင်းစကားကို အလေးမထားဘဲ အရေးပေါ်ကယ်ဆယ်မှု မပြုခဲ့ဘူးဆိုတဲ့အထိ စွပ်စွဲ ထိုးနှက်ခဲ့ကြတယ်။
ခုလို ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကျွမ်းကျင်သူ မရှိဘူး၊ အတွေ့အကြုံမရှိဘူး၊ ရဟတ်ယာဉ်အလုံအလောက်မရှိဘူးလို့ အကွက်ထောက်ပြီး ၊ အနောက်အုပ်စု စစ်သင်္ဘောတွေ၊ စစ်ရဟတ်ယာဉ်တွေ ၀င်ရောက်ဖို့ ရေလာမြောင်းပေး ထုတ်လွှင့်ခဲ့ကြတယ်။
မှန်ပါတယ်။ မြန်မာနိုင်ငံမှာ အဲ့ဒီလို ဟာမျိုးတွေ မရှိတာ ၀န်ခံပါတယ်။ ဒါပေမယ့်မြန်မာနိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့ တပ်မတော် လက်တွဲအားထုတ် အလုပ်လုပ်နိုင်စွမ်းတဲ့ အစဉ်အလာကောင်းတွေရှိတယ်။ မြန်မာတွေမှာ စေတနာတွေရှိတယ်။ မေတ္တာ ရှိတယ်။ မိသားစုစိတ်ဓါတ်ရှိတယ်။ အဲ့ဒါတွေဟာ မရှိမဖြစ် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေပဲ မဟုတ်လား။
အမျိုးသား စာဆိုဆရာဇော်ဂျီရဲ့ အဆိုအမိန့်လေးတစ်ခုကို ဒီနေရာမှာ ထပ်မံကိုးကားချင်ပါတယ်။ ဆရာက စာကောင်းရေးချင်ရင် စိတ်ကောင်းမွေးပါတဲ့ ။ စာကောင်းဆိုတာ ကဗျာ၊ ၀တ္ထုဆိုတဲ့ ရသစာပေကိုသာ ညွှန်းတာ မဟုတ်ပါဘူး။ သူက စာပေဖြစ်တဲ့ သတင်း၊ ဆောင်းပါး၊ သုံးသပ်ချက်၊ အာဘော်၊ အင်တာဗျူးစတာတွေကို ရေးသားထုတ်လွှင့်ဖော်ပြကြတာကိုလည်း ညွှန်းဆိုပါတယ်။
ခုတော့ နတ်မျက်စိ ပုလင်းကွဲနဲ့ အတင်းဖြဲကြည့်သလို အရာရာတိုင်းကိုသိတဲ့ "ကိုဖိုးသိ"တွေ လုပ်နေကြတာ မလွန်လွန်ဘူးလား။ ကိုယ်တွေ့သွားရောက်ကြည့်ရှု့လေ့လာမေးမြန်းခဲ့လို့ သိတယ်ပဲထားဦး၊ အဲ့ဒီ အသိဟာ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံနိုင်မလား။ သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ပေးနေတဲ့ သတင်း၊ မြင်ကွင်းတွေနဲ့ ချိန်ထိုး မကြည့်သင့်ပေဘူးလား။ အဲ့ဒီင်္လို ကြားသိရတဲ့ သတင်းဟာ မှန်တယ်ထားဦး၊ သက်ဆိုင်ရာက သိရှိပြီး ဖြည့်စွက်လုပ်ဆောင်နိုင်အောင်၊ အပြုသဘောနဲ့ မတင်ပြဘဲ အဆိုးမြင် စိတ်ထားနဲ့ "၀"ကွက်ပြီး ရေးနေ၊ ပြောနေကြတာ ဘာသဘောလဲ။ ပြန်ပြီး ဆန်းစစ်ဖို့ လိုနေပြီ ထင်ပါတယ်။
ဒါတွေအားလုံးဟာ ဗူးလေးရာ ဖရုံဆင့်အောင်၊ တစ်ပူပေါ် နှစ်ပူဆင့်အောင် လုပ်နေတာကလွဲလို့ ဘာမှ မဖြစ်နိုင်ပါဘူး။ ဖြစ်ပုံပျက်ပုံ အလုံးစုံကတော့ လမ်းသွားရင်း ကားတိုက်မှုတစ်ခုနဲ့ ပက်ပင်းအတိုးမှာ ဒဏ်ရာရသူတွေကို ကူညီဖို့၊ သက်ဆိုင်ရာကို အမြန်အကြောင်းကြားဖို့၊ ဆေးရုံကို အမြန်ပို့ဖို့ စတာတွေကို ဦးစားမပေးဘဲ စိမ်ပြေ နပြေ သတင်းဓါတ်ပုံရိုက်ပြီး သတိလစ်နေသူတွေကို အင်တာဗျူး မရမက လုပ်နေပုံနဲ့ တူနေပါတယ်။
ပြည်တွင်းက စာနယ်ဇင်းအချို့ကလည်း သတင်းထူး၊ သတင်းဦးပေးဖို့ ကြိုးပမ်းရင်း လက်စွမ်းတွေပြနေတာ ကြည့်သောသူမြင်၏ လို့ ဆိုရပါလိမ့်မယ်။ သတင်းတစ်ပုဒ်မှာ အကောင်းလုပ်ပြီး ကျန်သတင်း သုံးလေးပုဒ်နဲ့ အပုတ်ချနေတာမျိုးလည်း တွေ့ရတယ်။ တစ်ချို့ဂျာနယ်တွေမှာ အစိုးရမီဒီယာကို ယုံကြည်စိတ်ချရမှု မရှိလေဟန် အပေါက်နဲ့ချိုးပြီး ''နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်" လို့တောင် ခေါင်းရှောင်နေကြတာ မြင်တွေ့နေရပါတယ်။
အားလုံးကောင်းပါသည်ခင်ဗျားလို့ ၀ိုင်းပြောပေးကြဖို့ ရည်ညွှန်းနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အားလုံးကောင်းအောင် အပြုသဘောနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်တာကတော့ အမှန်ပါပဲ။ ဒီကိစ္စဟာ နိုင်ငံရေးကိစ္စမဟုတ်ပါဘူး။ အမျိုးသားရေးပါ။ အမျိုးသားရေး ကိစ္စဖြစ်လို့ ရပ်တည်မှုကို ဖော်ပြရမယ်ဆိုရင် "အယက်အကန်ခံလို့၊ ဗေဒါပျံ၊ အံကိုခဲ၊ ပန်းပန်လျက်ပဲ" လို့ ဖော်ပြလိုက်ပါတယ်။

2 comments:
လာဖတ်သွားပါတယ် ခင်ဗျာ။ ဒီဘလော့လေးကို မသိခဲ့ဘူး။ ကိုလင်းဦး(စိတ်ပညာ)က လင့်က်လေးကို ကျွန်တော့် စီဘောက်စ်မှာ ထားပေးခဲ့လို့ ဝင်လာခဲ့ လိုက်တာပါ။ အခုတော့ လင့်က်ချိတ်စရာတစ်ခုထပ်ရ လိုက်ပါတယ်။ ချိတ်လိုက်ပြီဗျာ။
ကွန်းမန့်ကိုခက်ခက်ခဲ ပေးပြီး အားပေးလိုက်ပါတယ် သဘောထားနဲ့ အမြင်ကိုလဲလေးစားပါတယ် ပြောလိုတဲ့ အရာကိုအချက်ကျကျ ထောက်ပြတာကိုသဘောအလွန်ကျပါတယ် နောက်လဲလာပါအုံးမယ်
Post a Comment