၂၀၀၈ခုနှစ် မေလသည် မြန်မာနိုင်ငံ၏ စွမ်းအားသတ္တိကို ကမ္ဘာကသိအောင် ပြနိုင်သည့်လဟု ဆိုရပေမည်။ မြန်မာနိုင်ငံ၏ မျက်မှောက်ကာလသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် အခြေခံကောင်းများ တည်ဆောက်နေသည့် ကာလဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ရေးကာလဖြစ်၍ နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအားနှင့် လူမှုရေးစွမ်းအားများ တိုးတက်မြင့်မား အောင် စဉ်ဆက်မပြတ် တည်ဆောက်နေရပေသည်။
ထိုတည်ဆောက်မှုများ၏ အောင်မြင်တိုးတက်မှု မှတ်ကျောက်ကို ယခု မေလတွင် တင်နိုင်ခဲ့ခြင်းဖြစ်သည်။ တင်နိုင်ခဲ့မှုမှာလည်း နှစ်ထပ်ကွမ်းဟု ဆိုနိုင်သည်။ ပထမမှတ်ကျောက်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲ ၉၂.၄၈%ဖြင့် တစ်ခဲနက် အတည်ပြုနိုင်ခြင်းဖြစ်သည်။ ယင်းအချက်က တပ်မတော်အစိုးရ၏ နိုင်ငံရေး ဦးတည်ချက်များ၏ အောင်မြင်မှုကို ပြဆိုနေသည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးစွမ်းအား (တစ်နည်းအားဖြင့်) တိုင်းရင်းသား စည်းလုံးညီညွတ်မှုစွမ်းအား ခိုင်မာတောင့်တင်းမှုကိုလည်း ညွှန်ပြနေပေသည်။
ဒုတိယမှတ်ကျောက်မှာ ယနေ့တည်ဆောက်ရေးကာလ၏ အန္တရယ်တစ်ရပ်ကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်း ဖြစ်သည်။ ယင်းအန္တရာယ်မှာ နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် ပေါ်ပေါက်ခဲ့သည့် သဘာဝဘေး ကျရောက်မှုအန္တရာယ်ဖြစ်သည်။ ထိုအန္တရယ်ကို နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့၏ စုပေါင်းစွမ်းအားဖြင့် ကျော်လွှားဖြတ်သန်းနိုင်ခဲ့သည်။ ယင်းအချက်က မြန်မာနိုင်ငံသည် မည်သည့်အခက်အခဲ အကြပ်အတည်းကိုမဆို ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်စွမ်းရှိကြောင်း ပြဆိုနေသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးစွမ်းအားနှင့် လူမှုရေးစွမ်းအားမြင့်မားတိုးတက်လျက်ရှိကြောင်း ညွှန်ပြနေခြင်းပင် ဖြစ်သည်။
နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သမျှကို ကယ်ဆယ်ကူညီစောင့်ရှောက်ပြီး ပြန်လည် တည်ဆောက်လျက်ရှိရာတွင် နိုင်ငံတော်က ငွေကျပ် ၇၅ဘီလီယံအထိ သုံးစွဲခဲ့ပြီးဖြစ်သည်။ စေတနာရှင် ပြည်သူများကလည်း တစ်ဦးချင်းအလိုက်၊ အစုအဖွဲ့အလိုက် အားတက်သရော ပါဝင်လှူဒါန်းလျက်ရှိသည်မှာ အားရစဖွယ်ကောင်းလှသည်။ မရှိ၍ မလှူ၊ မလှူ၍ မရှိဟု ဆိုစကားရှိသည်။ ယခု မြန်မာပြည်သူများသည် ရှိင လှူဒါန်းနိုင်ကြခြင်းဖြစ်သည်။ ဒါနမျိုးစေ့ စိုက်ပျိုးနိုင်ကြခြင်းဖြစ်သည်။ ဆန်၊စားနပ်ရိက္ခာနှင့် ဘဏ္ဍာငွေကြေး အလုံအလောက်ရှိကြောင်းလည်း နိုင်ငံတော်က ပြောကြားသွားသည်။ မုန်တိုင်းဒဏ်ခံရသည့် အခြေအနေသည် ၂၀၀၄ခုနှစ် ဆူနာင်္မီထက် ဆိုးသည်ဟု နိုင်ငံတကာက ဆိုနေကြသည်။ မြန်မာနိုင်ငံ၌သာ စီးပွားရေးအခြေအနေ မြင့်မားတိုးတက်အောင်သာ မဆောင်ရွက်ထားနိုင်ပါက လက်ရှိအခြေအနေသည် သူတစ်ပါးပြုသမျှ နုရမည့် အခြေအနေဖြစ်သည်။ မျက်ရည်ခံထိုးရမည့် အနေအထားမျိုးဖြစ်သည်။
ယခုကဲ့သို့ အမျိုးဂုဏ် ၊ဇာတိဂုဏ်ဖြင့် တည်တည် ခံ့ခံ့ ရပ်တည်ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၄)ရပ် အောင်မြင်နေမှု၏ အကျိုးဆက်ဟု ဆိုနိုင်သည်။ ထို့ကြောင့်ပင် နိုင်ငံတကာမှ ထုံးတမ်းစဉ်လာနှင့်အညီ ကူညီလာမှုများကို မျှော်တလင့်လင့်နှင့် အချိန်လင့်မနေဘဲ ပြည်တွင်းအားဖြင့် စတင်ဖော်ဆောင်နိုင်စွမ်း ရှိခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုအတွေ့အကြုံများကလည်း ရင့်ကျက်ကြွယ်ဝနေသဖြင့် ဖြစ်လျှင်ဖြစ်ချင်း ၊ ပျက်လျှင်ပျက်ခြင်း ဘက်စုံ၊ ကဏ္ဍစုံ၌ ပြန်လည်ထူထောင် တည်ဆောက်နိုင်သည်မှာ အားတက်ဖွယ်ကောင်းလှသည်။
ထို့အတူ တိုင်းရင်းသားအချင်းချင်း လက်တွဲနေထိုင်လာမှု၊ တိုင်းရင်းသားအချင်းချင်း ၊ မြန်မာ မြန်မာချင်း ရိုင်းပင်းကူညီမှု၊ အရေးကြီးလျှင် သွေးစည်းမှုစသည့် အမျိုးသားရေးလက္ခဏာများကလည်း သဘာဝဘေး ကယ်ဆယ်ကူညီရေး ကိစ္စတွင် "ဘွား"ကနဲ ပေါ်လာခဲ့သည်။ ဒေသမျိုးစုံ၊တိုင်းရင်းသားပေါင်းစုံ၊ လူတန်းစားအလွှာစုံတို့ တစ်စိတ်တစ်ဝမ်းတည်း ငွေအား၊ လူအား၊ စေတနာအားများဖြင့် ပါဝင်လှူဒါန်း ကူညီထောက်ပံ့လျက် ရှိနေပုံမှာ ကမ္ဘာကပင် အားကျဖွယ်ဖြစ်သည်။ ဤအချက်က မြန်မာနိုင်ငံ၏ လူမှုရေးစွမ်းအား တိုးတက်မြင့်မားမှုကို ပြဆိုနေသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် (၄)ရပ်၏ အောင်မြင်မှု့ အကျိုးဆက်ပင် ဖြစ်သည်။
မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့ခေတ်နှင့် ဖက်ဆစ်စနစ်ဆိုး၏ဒဏ်၊ ဒုတိယ ကမ္ဘာစစ်ပအ၀င် အထွက်၏ လက်နက်ဗုံးမိုးဒဏ်၊ တိုင်းပြည်က နုနု ၊ မုန်တိုင်းက ထန်ထန် သောင်းကျန်းမှု၊ စစ်မီးတောက်ဒဏ်နှင့် သမိုင်းရေး စိတ်လှိုင်းကြီး လေထန်အကြမ်းဖက် အဖျက်ရန်စွယ်တို့၏ ဒဏ်ကိုခံခဲ့ရသော်ငြား အကောင်းပျက်လျှင်၊ အသစ်ပြင်ပြီး၊ အမြင်ကျယ်၍၊ ပညာမွေ့ခဲ့ပြီ ဖြစ်သည်။ ယနေ့လက်ဝယ် တည်ဆောက်နိုင်မှုစွမ်းအား၊ စွမ်းပကား တို့ဖြင့် အတည်ပြုပြဋ္ဌာန်းထားသည့် အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သစ်ကို ဦးလည်မသုန် ဆက်လက်တည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။

No comments:
Post a Comment